Update News
recent

ဗိုလ္ခ်ဳပ္ေအာင္ဆန္း လုပ္ႀကံခံရမႈ၏ ေနာက္ကြယ္မွ ပေဟဠိ ကြင္းဆက္မ်ား (အပိုင္း – ၄)



#Zawgyi
ကြန္ျမဴနစ္ သခင္ဗဟိန္းအား တပ္မေတာ္ကို ဦးစီးေခါင္းေဆာင္ေနရာေပးရန္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လွ်ိဳ႕၀ွက္စီစဥ္ခဲ့ပံုကို ဆိုရွယ္လစ္မ်ား သိသြားဟန္ရွိသည္ဟု ဗုိလ္ေက်ာ္ေဇာက ၄င္း၏ ကိုယ္တုိင္ေရး အတၳဳပၸတၱိစာအုပ္ (စာမ်က္ႏွာ ၁၁၉) တြင္ ဗိုလ္ေအာင္ႀကီး၏ ၁၉၈၈ ခုႏွစ္ကာလ ဦးေန၀င္းထံေပးစာမ်ားကို ရည္ညႊန္း ေကာက္ခ်က္ခ်ခဲ့ျခင္း ျဖစ္ပါသည္။

ဗိုလ္ေက်ာ္ေဇာသည္ မဆလေခတ္ ေနာက္ဆံုးသမၼတ ေဒါက္တာ ေမာင္ေမာင္ေရးသည့္ “ျမန္မာႏိုင္ငံ၏ ၁၉၈၈ ခုႏွစ္ အေရးအခင္း” စာအုပ္ အဂၤလိပ္၊ ျမန္မာႏွစ္ဘာသာျဖင့္ ထုတ္ေ၀ထားခ်က္ကို ဖတ္ရႈခြင့္မရခဲ့ဟု ယူဆပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အဆိုပါ စာအုပ္ကို ေဒါက္တာ ေမာင္ေမာင္အေနျဖင့္ သက္ရွိထင္ရွားရွိစဥ္ ေရးသားခဲ့ၿပီး ျဖစ္ေသာ္လည္း ၁၉၉၄ ခုႏွစ္ ၄င္းကြယ္လြန္သည့္တိုင္ ထုတ္ေ၀ျခင္း မရွိခဲ့ပါ။ ေဒါက္တာ ေမာင္ေမာင္ ကြယ္လြန္ၿပီး ၅ ႏွစ္ေက်ာ္ ၁၉၉၉ ခုႏွစ္တြင္မွ အေမရိကန္ ျပည္ေထာင္စုတြင္ ထူးထူးျခားျခားသြား၍ အဂၤလိပ္ဘာသာျဖင့္ စတင္ထုတ္ေ၀ခဲ့ပါသည္။ အဆိုပါစာအုပ္ ျမန္မာဘာသာျပန္ကို ေဒါက္တာ ေမာင္ေမာင္ ကြယ္လြန္ၿပီး ၁၉ ႏွစ္ၾကာ၂၀၁၃ ခုႏွစ္တြင္မွ အလြန္ေနာက္က်စြာ ျမန္မာႏိုင္ငံတြင္ ထုတ္ေ၀ေသာေၾကာင့္ ျဖစ္ပါသည္။ အဆိုပါစာအုပ္ အခန္း ၁၂၊ ျပန္လည္အမွတ္ရျခင္း၊ စာမ်က္ႏွာ ၃၈၄ တြင္ “ယေန႔ေခတ္လူမ်ား မွတ္မိမည္ မဟုတ္ေသာ အျခားျဖစ္ရပ္တခုမွာ စစ္ႀကီးၿပီးသြားခ်ိန္၌ မဟာမိတ္စစ္ဦးစီးခ်ဳပ္ ေမာင့္ဘက္တန္သည္ ျမန္မာ့ေတာ္လွန္ေရးတပ္မ်ားအား မ်ိဳးခ်စ္ျမန္မာ့တပ္ဖြဲ႕ PBF ဟု ေျပာင္းလဲအမည္ကင္ပြန္းတပ္လ်က္ ၄င္းတပ္ဖြဲ႕၏အနာဂတ္ကို ဗိုလ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ ေလးေလးနက္နက္ ေဆြးေႏြးခဲ့သည္။ ထိုအခါက ဗိုလ္ခ်ဳပ္ ေအာင္ဆန္းသည္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အျဖစ္ လူသိနည္းၿပီး ေအးေဆးစြာ ေနတတ္ေသာ ကြန္ျမဴနစ္တဦးျဖစ္သည့္ သခင္ဗဟိန္းအား စာႏွင့္ေပႏွင့္ တရား၀င္ ခန္႔အပ္ခဲ့သည္။ သို႔ေသာ္ သခင္ဗဟိန္းမွ ဦးစီးခ်ဳပ္ရာထူးအား လိမၼာပါးနပ္စြာ ျငင္းပယ္ခဲ့ရံုသာမက ႏိုင္ငံေရးေလာကကိုလည္း အၿပီးအပိုင္ေက်ာခိုင္းကာ ဇာတိမႏၱေလးသို႔ ျပန္သြားခဲ့သည္။ ေနာက္တႏွစ္ခန္႔ၾကာေသာ္ သူသည္ မႏၱေလးမွာပင္ ဆံုးသြားခဲ့သည္။”

“ဤျဖစ္ရပ္ျဖစ္စဥ္တို႔မွာ အတိတ္တြင္က်န္ရစ္ခဲ့ၿပီးျဖစ္ေသာ ကိစၥရပ္မ်ားျဖစ္လ်က္ လူသားတို႔၏ သေဘာသဘာ၀ကို နားလည္ သိျမင္ေစလို၍ ေဖာ္ျပရျခင္းသာ ျဖစ္ပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ သခင္သန္းထြန္း၊ သခင္ဗဟိန္းႏွင့္ ဗိုလ္ခ်ဳပ္ေန၀င္းတို႔ အားလံုးသည္ လူသားထဲမွ လူမ်ားသာျဖစ္ၾကသည္မို႔ အားနည္းခ်က္ ေပ်ာ့ကြက္မ်ား မကင္းႏိုင္ၾက။ ျဖစ္စဥ္ျဖစ္ရပ္တို႔ မည္သည္ သူ႔ေနာက္ခံ အေၾကာင္းႏွင့္သူ ေပၚေပါက္လာတတ္သလို ကြဲျပားျခားနားေသာ လွ်ိဳ႕၀ွက္ အနက္ဓိပၸါယ္မ်ား ပါ၀င္သရုပ္ေဆာင္ၾကသူတို႔၏ စိတ္ေန စိတ္သေဘာထားမ်ားတို႔ႏွင့္လည္း သက္ဆိုင္ေနေၾကာင္း ေတြ႔ရေပလိမ့္မည္” ဟု ေဖာ္ျပပါရွိခ်က္အရ ကြန္ျမဴနစ္ သခင္ဗဟိန္းကို တပ္မေတာ္ ေခါင္းေဆာင္တင္ရန္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းက သခင္သန္းထြန္းႏွင့္ ႀကိဳတင္ညိွဳႏိႈင္း တိုင္ပင္ေဆြးေႏြး ေတာင္းခံခဲ့ျခင္း မဟုတ္ဘဲ စာႏွင့္ေပႏွင့္ တရား၀င္ ခန္႔အပ္ခဲ့သည္ဟုပင္ ေဒါက္တာေမာင္ေမာင္က အတိအက် စြပ္စြဲေရးသားထားသည္ကို ေတြ႕ရပါသည္။ အမွန္တကယ္ေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တင္ျပေသာ တပ္မေတာ္ေခါင္းေဆာင္ စာရင္းမွန္မွာ ဗိုလ္လက်္ာႏွင့္ ေစာၾကာဒိုး ျဖစ္ေနသည္ကို ေဒါက္တာေမာင္ေမာင္၏ စာတြင္ ရွင္းျပမထားေပ။

မည္သို႔ဆိုေစ သခင္ဗဟိန္းအား ဦးစီးခ်ဳပ္ခန္႔အပ္ရန္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လွ်ိဳ႕၀ွက္စီစဥ္ခဲ့ပံုကို ကႏၵီစာခ်ဳပ္ ခ်ဳပ္သည့္အခ်ိန္ကာလ တ၀ိုက္ကပင္ ဆုိရွယ္လစ္အုပ္စု ေနာင္တြင္ ယူနစ္အုပ္စုဟု တပ္မေတာ္အတြင္း ထင္ရွားလာသူမ်ားက သိရွိသြားခဲ့ၿပီဟု မွတ္ယူရန္ အေၾကာင္းမ်ား ထင္ရွားေပၚေပါက္ေနသည္ကေတာ့ အမွန္ပင္ျဖစ္ပါသည္။ ေခတ္တေခတ္၏ အေရးပါလွသည့္ အျဖစ္အပ်က္မ်ားကို နက္ရိႈင္းစြာ သိရွိနားလည္ေစရန္ ဂ်ပန္ေခတ္အဓိပတိ ေဒါက္တာဘေမာ္ ေရးသားၿပီး စစ္ၿပီးေခတ္တြင္ ထုတ္ေ၀သည့္ “ျမန္မာျပည္တြင္း ေအာင္ျမင္မႈႀကီး” အမည္ရွိ စာအုပ္တြင္ ေဒါက္တာဘေမာ္က “ျမန္မာျပည္ႏွင့္ ပတ္သက္ေသာ သမိုင္းဆိုင္ရာ အမွန္တရားမ်ားသည္ ျမန္မာလူမ်ိဳးတို႔ကိုယ္တိုင္ ျပန္မေျပာျပသမွ် ကာလပတ္လံုး မည္သည့္အခါမွ် ရုပ္လံုးပီျပင္စြာ ေပၚလြင္လာမည္ မဟုတ္ေခ်” ဟု ေရးသားခဲ့ပါသည္။ ၄င္းကပင္ ဆက္လက္၍ “ဒုတိယကမၻာစစ္ႏွင့္ စစ္ႀကိဳေခတ္ ျမန္မာ့သမိုင္းကို ထိုေခတ္တြင္ပါ၀င္ေသာ ျမန္မာတို႔ကိုယ္တိုင္ မေရးသားရေသးေၾကာင္း ၀န္ခံခဲ့ၿပီး အေၾကာင္းရာ ခိုင္ခိုင္လံုလံုကို အတြင္းက်က် သိထားေသာပုဂၢိဳလ္တို႕က မေရးသားေသးသမွ် ျမန္မာျပည္တြင္ ျဖစ္ပြားခဲ့ေသာ အေၾကာင္းရင္းမ်ား၏ အမွန္တရားကို သိရွိနားလည္ႏိုင္မည္ မဟုတ္ေခ်” ဟု ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဘယ္သူသတ္သလဲ၊ ဥေယ်ာဇဥ္၊ စာမ်က္ႏွာ ၁၅ ပါရွိခ်က္ကိုလည္း စာဖတ္သူမ်ား သတိျပဳသင့္ပါသည္။

ႏိုင္ငံေခါင္းေဆာင္မ်ား လုပ္ႀကံခံရသည့္ ေခတ္သစ္ ျမန္မာ့ႏိုင္ငံေရးသမိုင္းတြင္ အေရးႀကီးလွေသာ အာဇာနည္ေန႔ႏွင့္ ပတ္သက္၍ တရားခံအျဖစ္ ဦးေစာႏွင့္ အေပါင္းအပါမ်ား ေနာက္ကြယ္တြင္ နယ္ခ်ဲ႕သမားမ်ား ရွိေနသည္ ဟူေသာ ေကာက္ခ်က္ကို ျမန္မာ့ႏိုင္ငံေရး အသိုင္းအ၀ုိင္းက ႏွစ္ေပါင္းမ်ားစြာ ခ်မွတ္ခဲ့ၿပီး ျဖစ္ပါသည္။ ၁၉၈၈ ခုႏွစ္ေနာက္ပိုင္းတြင္ ႏိုင္ငံေတာ္လုပ္ႀကံမႈႏွင့္ ပတ္သက္၍ တရားခံဦးေစာသည္ ႏိုင္ငံေရးေထာင္ေခ်ာက္ ဆင္မႈအတြင္း က်ေရာက္ခဲ့ေသာ သားေကာင္တဦးသာျဖစ္ၿပီး ႏိုင္ငံေရးေထာင္ေခ်ာက္ဆင္သူမွာ ဦးေန၀င္းျဖစ္သည္ဟူေသာ အယူအဆအသစ္တခု ထင္ထင္ရွားရွား ေပၚထြက္လာပါသည္။ အဆိုပါ အယူအဆသည္ ၁၉၆၂ ခုႏွစ္ေနာက္ပိုင္း ျမန္မာႏိုင္ငံမွ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ႏိုင္ငံျခားသို႔ စြန္႔ခြာလာသူ ျမန္မာအသိုင္းအ၀န္းတြင္ အက်ယ္ေလာင္ဆံုး ျဖစ္မည္ဟု ယူဆပါသည္။ ဦးေန၀င္းႏွင့္ တြဲဖက္လ်က္ စာေရးဆရာ ရန္ကုန္ဘေဆြ၊ ဗိုလ္လက္်ာ၏ညီ ဦးျမလိႈင္တို႔ ေျပာဆို လုပ္ကိုင္ခ်က္မ်ားကို သက္ေသထူၿပီး အဆိုပါ အယူအဆကို ထူေထာင္ခဲ့ျခင္း ျဖစ္ပါသည္။ စာေရးသူ အေနျဖင့္ ႏိုင္ငံေတာ္လုပ္ႀကံမႈတြင္ ဦးေန၀င္း ပါ၀င္ပတ္သက္ျခင္း မရွိဟု မဆိုႏိုင္ေသာ္လည္း ျပည္ပေရာက္ ျမန္မာမ်ား ယူဆသလို ႏိုင္ငံေတာ္လုပ္ႀကံမႈတြင္ ဦးေန၀င္းသာ အဓိကဇာစ္ျမစ္ တာ၀န္ရွိသူအျဖစ္ ေတြးေခၚမႈလမ္းဆံုးေနျခင္းကို လက္ခံရန္ ခဲယဥ္းလွပါသည္။

စာေရးသူအေနျဖင့္ ဦးေန၀င္း ကိုယ္တိုင္သည္ပင္လ်င္ ၁၉၄၅ မွ ၁၉၆၀ ခုႏွစ္ အိမ္ေစာင့္အစိုးရအျဖစ္ အုပ္ခ်ဳပ္ခဲ့သည့္ ကာလအထိ ျမန္မာႏိုင္ငံေရး က်ားကြက္ေပၚတြင္ ဆိုရွယ္လစ္ဂိုဏ္း၏ နယ္ရုပ္တရုပ္သာ ျဖစ္သည္ဟု ထင္ျမင္ယူဆပါသည္။ ဤယူဆခ်က္ကို ရွင္းလင္းစြာ သိျမင္ႏိုင္ရန္ လုပ္ႀကံခံရေတာ့မည့္ အမ်ိဳးသားေခါင္းေဆာင္ ဦးေအာင္ဆန္း၏ ႏိုင္ငံေရးဘ၀ခရီးတြင္ သူႏွင့္ထိစပ္ခဲ့ေသာ ပုဂၢိဳလ္/ပါတီ အသင္းအဖြဲ႕မ်ား ဆက္စပ္ပံုကိုလည္း အတန္အသင့္ သိထားမွသာ နားလည္ႏိုင္မည္ဟု ယူဆပါသည္။ ဆိုရွယ္လစ္ ပါတီေခါင္းေဆာင္ ဦးဗေဆြ၊ ဦးေက်ာ္ၿငိမ္းတို႔သည္ ဦးႏု၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတုိ႕ႏွင့္ တကၠသိုလ္ေက်ာင္းသားသမဂၢ ႏိုင္ငံေရးကာလက စတင္ရင္းႏွီးခဲ့သူမ်ားျဖစ္သည္။ ဗိုလ္ခ်ဳပ္ႏွင့္ ဦးႏုတို႔သည္ သခင္ကိုယ္ေတာ္မိႈင္း၏ တို႔ဗမာအစည္းအရံုးတြင္ ၁၉၃၈ ႏို၀င္ဘာလ ၂၀ ၌ အေထြေထြ အတြင္းေရးမွဴးႏွင့္ ၀ါဒျဖန္႔ခ်ိေရးမွဴး တာ၀န္မ်ားယူၿပီး ႏိုင္ငံံေရးေလာကသို႔ စတင္၀င္ေရာက္ခဲ့သူမ်ား ျဖစ္ပါသည္။

ထို႔ေနာက္ ဗိုလ္ခ်ဳပ္သည္ ၁၉၃၉ ၾသဂုတ္လ ၁၅ ရက္တြင္ သခင္စိုး ေခါင္းေဆာင္ေသာ ဗမာျပည္ကြန္ျမဴနစ္ပါတီတြင္လည္း အေထြေထြအတြင္းေရးမွဴး တာ၀န္ယူပါ၀င္ခဲ့ျပန္သည္။ ထို႔အတူ ဗိုလ္ခ်ဳပ္သည္ ၁၉၃၉ ေအာက္တိုဘာ ၁ ရက္တြင္ ေဒါက္တာ ဘေမာ္ေခါင္းေဆာင္ေသာ ဗမာ့ထြက္ရပ္ဂိုဏ္း၌ တို႔ဗမာအစည္းအရံုး ကိုယ္စားျပဳ၍ အေထြေထြ အတြင္းေရးမွဴး တာ၀န္ယူ ပါ၀င္ခဲ့ျပန္သည္။ ထို႔အျပင္ ၁၉၃၉ ႏို၀င္ဘာ ၁၈ တြင္ သခင္ျမ ေခါင္းေဆာင္ေသာ ျပည္သူ႔အေရးေတာ္ ပံုပါတီ၌ ဗိုလ္ခ်ဳပ္သည္ ေျမေအာက္ေတာ္လွန္ေရး လႈပ္ရွားမႈ လုပ္ငန္းမ်ားအတြက္ ျပည္ပေခါင္းေဆာင္ တာ၀န္ယူခဲ့ျပန္သည္။ ၁၉၄၀/၄၁ အတြင္း ဗိုလ္ခ်ဳပ္သည္ ရဲေဘာ္သံုးက်ိပ္ ေခါင္းေဆာင္ ျဖစ္လာခဲ့ျပန္သည္။ စစ္တပ္ကို ဦးစီး၍ ျမန္မာႏိုင္ငံတြင္း ၀င္ေရာက္လာခ်ိန္မွစ၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဟူေသာ အမည္ျဖင့္ လူထုၾကား ထင္ရွားလာခ်ိန္တြင္ ဦးေအာင္ဆန္းသည္ မူလပါ၀င္ခဲ့ေသာ အဖြဲ႕မ်ားကို ဆက္လက္ ကိုယ္စားျပဳျခင္း၊ တရား၀င္ႏႈတ္ထြက္ျခင္း မရွိဘဲ အဆက္အဆံ ကင္းျပတ္၍ တပ္ေခါင္းေဆာင္ပံုစံျဖင့္သာ ရပ္တည္လာမႈမ်ားသည္ကို ေတြ႕ရသည္။

ဤအေျခအေနတြင္ ႏိုင္ငံေရးအရွိန္အ၀ါ ႀကီးေနၿပီျဖစ္ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအား မူလပါ၀င္ခဲ့ေသာ ပါတီအဖြဲ႕အစည္းမ်ားသည္ ဗိုလ္ခ်ဳပ္၏ အေျခအေနကို ေစာင့္ၾကည့္လာရၿပီး မိမိတို႔ပါတီ အတြင္းစည္းအဖြဲ႔၀င္အျဖစ္ ခိုင္ခိုင္မာမာ မသတ္မွတ္ရဲသလို၊ အရွိန္အ၀ါႀကီးေသာ ဗိုလ္ခ်ဳပ္ကို ဆန္႔က်င္ၿပီး သက္ဆိုင္ရာ ပါတီမ်ားမွလည္း ထုတ္မပစ္ရဲ၊ ဗိုလ္ခ်ဳပ္၏ အရွိန္အ၀ါကို ရသေလာက္သံုးႏိုင္သမွ်သံုး၍ မိမိပါတီ ဦးေဆာင္ေနရာ ရေရးအတြက္ အျမတ္ထုတ္ေနၾကခ်ိန္ ျဖစ္လာပါသည္။ ဗိုလ္ခ်ဳပ္ ကိုယ္တိုင္ကလည္း သက္ဆိုင္ရာ ပါတီအသီးသီးမွ ႏုတ္ထြက္ျခင္းမရွိဘဲ မိမိကို ၀ိုင္းရံအသံုးခ်ေနသည္ကုိ သိရွိလက္ခံထားသည့္ သေဘာေတြ႕ရသည္။ ေျမေအာက္ေတာ္လွန္ေရးအတြက္ ရည္မွန္းၿပီးဖြဲ႔ခဲ့ေသာ ျပည္သူ႔အေရးေတာ္ပံု ပါတီအေနျဖင့္ ၄င္း၏ ႏိုင္ငံတြင္း လက္နက္စြဲကိုင္ ပုန္ကန္ထၾကြေရး အဖြဲ႕၀င္မ်ားျဖစ္ေသာ ဦးဗေဆြ၊ ဦးေက်ာ္ၿငိမ္း၊ ရန္ကုန္ဘေဆြ၊ ဗိုလ္ေမာင္ေမာင္၊ ဗိုလ္ေအာင္ႀကီးတို႔သည္ ၄င္းတို႔အား ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ယခင္ကဲ့သို႕ အေလးမထား ေနရာမေပးဘဲ ရဲေဘာ္သံုးက်ိပ္ႏွင့္ စစ္တပ္ကိုသာ ဦးစားေပးေနမႈကို ေက်နပ္မႈ မရွိၾကေၾကာင္းကိုလည္း ေလ့လာသံုးသပ္ေတြ႕ရွိရပါသည္။

လြတ္လပ္ေရးအတြက္ ဖက္ဆစ္ဂ်ပန္ ေတာ္လွန္ေရးႏွင့္ ျပန္လည္ ၀င္ေရာက္လာႏိုင္သည့္ ကိုလိုနီနယ္ခ်ဲ႕ကို ဆက္လက္ လက္နက္စြဲကိုင္ တိုက္ခိုက္ေရး အျမင္အေပၚ သေဘာထားကြဲလြဲမႈသည္ ရဲေဘာ္သံုးက်ိပ္၀င္ အုပ္စုႏွင့္ အေရးေတာ္ပံုပါတီ၏ ယူနစ္ဂိုဏ္း၀င္ ဂ်ပန္ေခတ္ မဂၤလာဒံုစစ္ေက်ာင္းဆင္း စစ္ဗိုလ္ငယ္မ်ား အၾကားတြင္ ပို၍ထင္ရွားလာခဲ့သည္ကို ေတြ႕ရပါသည္။ ေနာင္တြင္ ရဲေဘာ္သံုးက်ိပ္၀င္ အမ်ားစုမွာ လက္၀ဲကြန္ျမဴနစ္မ်ား ျဖစ္လာၾက၍ ယူနစ္အုပ္စု၀င္မ်ားမွာ ဆိုရွယ္လစ္ဂိုဏ္းသားမ်ား ျဖစ္လာၾကပါသည္။ ၁၉၄၅ ခုႏွစ္ ဇူလိုင္လ ၂၀ တြင္ ဒုတိယ ပါတီကြန္ဂရက္မွ ဗမာျပည္ ကြန္ျမဴနစ္ပါတီကို ျပန္လည္ဖြဲ႕စည္းရာတြင္လည္းေကာင္း၊ ၁၉၄၅ စက္တင္ဘာလ ၁ ရက္တြင္ ျပည္သူ႔အေရးေတာ္ပံုပါတီမွ ဆိုရွယ္လစ္ပါတီအျဖစ္ ျပန္လည္ဖြဲ႕စည္းရာတြင္ လည္းေကာင္း၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ မည္သည့္ပါတီတြင္မွ် ပါ၀င္လာျခင္း မရွိေတာ့ဘဲ စစ္တပ္ဦးေဆာင္သူ ဗိုလ္ခ်ဳပ္အျဖစ္ ရပ္တည္ က်န္ရစ္ခဲ့သည္ကို ေတြ႕ရသည္။ သို႔ေသာ္ ၁၉-၈-၄၅ တြင္ ဖြဲ႕စည္းေသာ ဖတပလအဖြဲ႕ခ်ဳပ္ ဥကၠ႒ တာ၀န္ကိုမူ ကိုယ္ပိုင္ပါတီမရွိဘဲ ရယူထားသည္ကို ေတြ႕ရသည္။

ထို႔ျပင္ ၄-၉-၄၅ သီဟိုဠ္ကၽြန္း (သီရီလကၤာႏိုင္ငံ) ကႏၵီၿမိဳ႕၌ မ်ိဳးခ်စ္ဗမာ့တပ္မေတာ္ကို အၿမဲတမ္း ဗမာ့တပ္မေတာ္အျဖစ္ ေျပာင္းလဲသည့္အခါ မိမိသည္ တပ္မေတာ္မွ အထြက္ျပ၍ ႏိုင္ငံေရးေလာက ၀င္ရန္ ျပင္ဆင္ထားၿပီးျဖစ္ေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ယခင္က မိမိပါ၀င္ခဲ့ေသာ အထက္ပါပါတီ ၂ ခုလုံးတြင္ ပါ၀င္ျခင္းမရွိဘဲ ႏိုင္ငံေရးေလာကတြင္ တကိုယ္ေတာ္ ရပ္တည္ခဲ့ျခင္းမွာ စာဖတ္သူမ်ား အေတြးနယ္ခ်ဲ႕သင့္ေသာ အေၾကာင္းတရပ္ ျဖစ္လာပါသည္။ ၂၇-၁၀-၄၅ တြင္ စစ္တပ္မွ တရား၀င္ႏႈတ္ထြက္၍ ႏိုင္ငံေရးနယ္ပယ္သို႔ ၀င္ေရာက္လာေသာ ဦးေအာင္ဆန္းသည္ ၁-၁၂-၄၅ တြင္ ႏိုင္ငံေရးပါတီ မဟုတ္ေသာ “ျပည့္သူ႕ရဲေဘာ္တပ္ဖြဲ႕”ကို စစ္ေသနာပတိႏွင့္ ဥကၠ႒ေနရာ ရယူဖြဲ႕စည္း ထူေထာင္ခဲ့သည္ကို ေတြ႔ရျပန္သည္။ အဆိုပါ ျပည္သူ႕ရဲေဘာ္တပ္ဖြဲ႕ဆိုသည္မွာ လြတ္လပ္ေရးတိုက္ပြဲ၀င္ ရဲေဘာ္ေဟာင္းမ်ားခ်ည္း မဟုတ္၊ ျပည္သူထဲမွ လူသစ္အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားကုိလည္း လက္ခံသည္ဟု သိရသည္။ တပ္ပံုသ႑ာန္ ဖြဲ႔စည္းထားၿပီး ပါတီလည္း မဟုတ္သျဖင့္ အခ်ိန္မေရြး ဦးေအာင္ဆန္း၏ ကိုယ္ပိုင္တပ္ ျဖစ္လာႏိုင္ေသာ အေျခအေနသည္ လြတ္လပ္ေရး ရခါနီး ျမန္မာ့ႏိုင္ငံေရး အခင္းအက်င္းတြင္ ထင္ရွားေပၚေပါက္ခဲ့သည္ကေတာ့ အမွန္ပင္ျဖစ္ပါသည္။

ျပည့္သူ႔ရဲေဘာ္အဖြဲ႔သည္ ၀ါဒသေဘာတရားႏွင့္ လုပ္ငန္း လမ္းညႊန္ခ်က္မရွိ ပုဂၢိဳလ္ေရး ကိုးကြယ္မႈ အေပၚ အေျခတည္ ဖြဲ႔ထားသျဖင့္ ေခတ္သစ္အာဏာရွင္ စနစ္တရပ္ ထူေထာင္ဖို႔အတြက္ ရည္ရြယ္ ဖြဲ႔စည္းေလေရာ့သလားဟု ထင္မွတ္ရေပသည္။ အထူးသျဖင့္ ဗိုလ္ခ်ဳပ္သည္ တူရကီ အမ်ိဳးသား ေခါင္းေဆာင္ႀကီးႏွင့္ အာဏာရွင္အျဖစ္ ကမၻာေက်ာ္ခဲ့သူ မူစတာဖါလ္ကီးမား၏ ပံုရိပ္ကိုေဖာ္ဖို႕ ႀကိဳးစားခဲ့ဟန္ရွိသည္ဟု စာေရးသူ ယူဆပါသည္။ ျပည္သူ႕ရဲေဘာ္သည္ ဗိုလ္ခ်ဳပ္မရွိေတာ့သည့္အခါ ရဲေဘာ္ျဖဴ၊ ရဲေဘာ္၀ါစသျဖင့္ ျပည္တြင္းစစ္အတြင္း သင္းကြဲလက္နက္ကိုင္ အဖြဲ႕မ်ား ျဖစ္သြားၾကသည္ကို ေတြ႕ရပါသည္။ တရား၀င္ ကိုယ္ပိုင္ပါတီ မရွိဘဲ အဖြဲ႕ခ်ဳပ္ဥကၠ႒ ေနရာယူထားၿပီး ကိုယ္ပိုင္တပ္ပံုစံအဖြဲ႕တခုကို ပါတီျပင္ပတြင္ တည္ေထာင္လာေသာ ဦးေအာင္ဆန္း၏ ႏိုင္ငံေရးအခင္းအက်င္းကို ၿပိဳင္ဘက္ပါတီျဖစ္ေစ၊ မိတ္ဖက္ပါတီျဖစ္ေစ၊ အားလံုးက ဂရုထားရမည့္ ပုဂၢိဳလ္အေနအထားသို႔ ဦးေအာင္ဆန္း ေရာက္ရွိေနသည္မွာလည္း ဦးေအာင္ဆန္း ကိုယ္တိုင္ ဖန္တီးေသာ ဦးေအာင္ဆန္း၏ ႏိုင္ငံေရးကံၾကမၼာပင္ ျဖစ္ပါသည္။ ထို႕ျပင္ ရန္သူမိတ္ေဆြအားလံုး ဦးေအာင္ဆန္းအနီးတြင္ ၀ိုင္းရံခြင့္ရွိေနေသာ အေျခအေနထူး တရပ္လည္း အမွန္ပင္ ျဖစ္ေပၚေနခ်ိန္ ျဖစ္ပါသည္။

အလားတူပင္ တရား၀င္ ဖြဲ႔စည္းထားေသာ တပ္မေတာ္အား မိမိႏွင့္ မယားညီအစ္ကိုေတာ္သူ သခင္သန္းထြန္း၏ ကြန္ျမဴနစ္မ်ား လက္ထဲလႊဲအပ္ႏိုင္ၿပီး မိမိက ကာကြယ္ေရး၀န္ႀကီး အာဏာကို ကိုင္စြဲလ်က္ အခ်ိန္မေရြး ကိုယ္ပိုင္တပ္ပံုစံ ဖြဲ႕ႏိုင္သည့္ “ျပည့္သူ႕ရဲေဘာ္တပ္ဖြဲ႔” ႀကီးကို ထူေထာင္လာသူ ဦးေအာင္ဆန္းအား လက္နက္ကိုင္တပ္မရွိေသာ အျခားပါတီ အဖြဲ႔အစည္းမ်ားက ေခါင္းငံု႔လက္ပိုက္ ၾကည့္ေနရမည့္ အေျခအေန တရပ္ဆီသို႕ ထိုအခ်ိန္က ျမန္မာႏိုင္ငံသည္ ဦးတည္ေနသည္ဟုပင္ သံုးသပ္ႏိုင္ပါသည္။ ဦးေစာက လက္နက္မရွိေသာ ဂဠဳန္တပ္ဖြဲ႕ကို ထူေထာင္ထားသကဲ့သို႕ ေဒါက္တာဘေမာ္ကလည္း သားမက္ဗိုလ္ရန္ႏိုင္ အားကိုးျဖင့္ ေဒါင္းနီတပ္ဖြဲ႔ ထူေထာင္ရန္ ျပင္ဆင္ေနသည္ကိုလည္း ထိုအခ်ိန္တြင္ ေလ့လာေတြ႕ရွိရပါသည္။

လြတ္လပ္ေရးအတြက္ ျပည္တြင္းသူပုန္ထေရး တာ၀န္ျဖင့္ လက္နက္ကိုင္ အေတြ႔အႀကံဳ ရွိခဲ့ၿပီး ဂ်ပန္ေခတ္ မဂၤလာဒံု ဗိုလ္သင္တန္းဆင္း ပုဂၢိဳလ္မ်ားႏွင့္ ကိုယ္ပို္င္တပ္ဖြဲ႕ အသင့္တင့္ရွိလာၿပီျဖစ္ေသာ ဆိုရွယ္လစ္ပါတီ ဂုိဏ္းသားမ်ားကမူ အာဏာလိုခ်င္၍ ပါတီႏိုင္ငံေရးထဲ ၀င္လာသူမ်ားသာျဖစ္ရာ မိမိတို႔လက္ထဲ လက္နက္ရွိတပ္ ရွိေနၿပီျဖစ္၍ မိမိၿပိဳင္ဘက္ ဦးေအာင္ဆန္းအေပၚ မည္သို႔ သေဘာထားမည္ကို စဥ္းစားၾကည့္ႏိုင္ပါသည္။

ကဗ်ာဆရာႀကီး ဒဂုန္တာရာက ဦးေအာင္ဆန္းကို အရိုင္းဟု တင္စားခဲ့ပါသည္။ ကိုလိုနီေခတ္ ႏိုင္ငံေရး သမားေဟာင္းႀကီးမ်ားႏွင့္ ႏွီးႏြယ္ေသာ အသိုင္းအ၀ိုင္းကမူ ဦးေအာင္ဆန္းႏွင့္ ပတ္သက္၍ မလိုတမာစိတ္ျဖင့္ ျပင္းထန္ေသာ ေ၀ဖန္သံကိုလည္း စာေရးသူ လူငယ္ဘ၀ကပင္ ၾကားဖူးပါ၏။ စာေရးသူတို႕လူငယ္ဘ၀က ဗိုလ္ခ်ဳပ္ႏွင့္ ပတ္သက္၍ ပါးစပ္ေျပာပံုျပင္မ်ားျဖင့္ တင္စား ေျပာေနၾကသည္ကို ႏိုင္ငံေရးသမားေဟာင္း အခ်ိဳ႕က နားခါးဟန္ျဖင့္ “ေအာင္ဆန္းဆိုတာ ေ-ာက္ရမ္း တေစာက္ကန္းေကာင္ပါကြာ၊ အေသေစာလို႕ အာဇာနည္ျဖစ္တာ၊ အာဏာႏိုင္ငံေရး၊ ပါတီႏိုင္ငံေရးနယ္မွာ နည္းနည္းေလးပဲ အသက္ရွည္ခဲ့ရင္ ဒီေကာင္ ႏိုင္ငံေရး ေျမာင္းပုတ္ထဲ ေရာက္သြားမွာ ျမင္ေယာင္ေသးတယ္။ မင္းတို႔လည္း သူ႔အေၾကာင္း အဲဒီက်မွသိမယ္” ဟု ေျပာၾကားသည္ကို ၾကားခဲ့ဖူးပါသည္။ မိမိမေမြးခင္က အေၾကာင္းအရာမ်ားျဖစ္၍ ထိုပုဂၢိဳလ္မ်ားေျပာသည္ကို မေၾကမလည္ႏွင့္ နားေထာင္ခဲ့ရဖူးသည္။

ေဒါက္တာေမာင္ေမာင္၏ ၁၉၈၈ အေရးအခင္းစာအုပ္ ဒုတိယတြဲ စာမ်က္ႏွာ ၃၈၅ တြင္ “ဒဏ္ရာေဟာင္းကို ျပန္ဆြမည့္အစား နာစရာေတြကို ကုစားၾကပါစို႕ ဟု ဦးေန၀င္းက ၁၉၂၀ ျပည့္ႏွစ္ တကၠသိုလ္ေက်ာင္းသားမ်ား သပိတ္ကို လူငယ္ဘ၀က ဦးေဆာင္ခဲ့သည့္ ေက်ာင္းသားေဟာင္းႀကီးမ်ားအား ဂုဏ္ျပဳသည့္ သပိတ္ေရႊရတုပြဲတြင္ ေျပာၾကားခဲ့သည္” အစခ်ီေသာ ရည္ညႊန္းစာမ်က္ႏွာ၌ သပိတ္ေက်ာင္းသားေဟာင္းႀကီး ဦးဘေဘႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္းကို ဖတ္ရႈရေသာအခါ ႏိုင္ငံေရးသံေ၀ဂ ယူစရာ၊ ဇာတ္လမ္းတပုဒ္ကို မွတ္သားလာမိပါသည္။ ေအာင္ဆန္း-အက္တလီ စာခ်ဳပ္ခ်ဳပ္စဥ္က အေရးပါေသာ အခန္းက႑မွ အကူအညီေပးခဲ့ရသူ ဘႀကီးဘေဘ တေယာက္ ၁၇-၁-၄၇ တြင္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး သူ႔အခန္းက႑ ကုန္ဆံုးေသာအခါ ၁၉၄၇ ေမလထဲတြင္ ကုန္သြယ္ေရး၀န္ႀကီးအျဖစ္မွ ဦးေအာင္ဆန္း၏ အလုပ္ထုတ္ျခင္း ခံလိုက္ရသည္။ ထိုေနရာတြင္ အစားထိုးဖို႔ လူတေယာက္ ေနရာအႏွံရွာေဖြခဲ့ရာ ဦးေအာင္ဆန္းသည္ ၄င္း၏ဇာတိ နတ္ေမာက္ၿမိဳ႕မွ ေက်ာင္းဆရာ လုပ္ေနေသာ သူ၏အစ္ကို ဦးဘ၀င္းအား ေတြ႕ခဲ့သည္။ ၾကည့္ရသည္မွာ အစိုးရ၀န္ႀကီးမ်ားမွ သူ႔အစ္ကိုကို ခန္႔ဖို႔ ဦးေအာင္ဆန္းအား ၀ိုင္း၀န္း အႀကံေပးတိုက္တြန္း ခဲ့ပံုရသည္။ ဤနည္းအားျဖင့္ မိသားစုအတြင္း ရာထူးေပးသည့္ အေလ့အထသည္ မရည္ရြယ္ဘဲ စတင္လာခဲ့သည္ဟု ဆိုရေပမည္ဟု ေဖာ္ညႊန္းထားသည္ကို ဖတ္ရႈရသည္။ ေအာင္ဆန္းကို ပါတီႏိုင္ငံေရး၊ အာဏာႏိုင္ငံေရး နယ္ပယ္မွာ နည္းနည္းေလးပဲ အသက္ရွည္ရွည္ေနလိုက္ရင္ မင္းတို႕ သူ႔အေၾကာင္း ေကာင္းေကာင္း သိလိမ့္မယ္လို႔ ေျပာသူမ်ား ဘာကိုရည္ညႊန္းေၾကာင္း စာေရးသူ သေဘာေပါက္ပါသည္။

ဗိုလ္ခ်ဳပ္၏အစ္ကို ဦးဘ၀င္းသည္ ကုန္သြယ္ေရး၀န္ႀကီး စားပြဲတြင္ ၂ လခန္႔သာ ထိုင္လိုက္ရၿပီး ၁၉-၇-၄၇ တြင္ ဗိုလ္ခ်ဳပ္ႏွင့္အတူ လုပ္ႀကံခံရရွာသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဦးဘ၀င္းတို႕ က်ဆံုးရာ မိခင္ႀကီး ေဒၚစု နတ္ေမာက္ၿမိဳ႕မွ ရန္ကုန္သို႔ လုိက္လာခဲ့ၿပီး ဗိုလ္ခ်ဳပ္အေလာင္းေဘးတြင္ “ေအာင္ဆန္း … ငါ့သားႀကီး ဘ၀င္းကို ရန္ကုန္ကိုေခၚၿပီး သတ္တာ နင္ပဲ” ဟု အေမစုသည္ ရင္ထုမနာ ငိုေၾကြးေျပာဆိုခ့ဲသည္ဟု တဆင့္စကား မွတ္သားဖူးပါသည္။ ၁၀-၅-၄၇ ေန႔က ဗိုလ္ခ်ဳပ္ကုိယ္တိုင္ သတင္းစာရွင္းလင္းပြဲလုပ္၍ အလုပ္ထုတ္ပစ္ျခင္းခံရေသာ ကုန္သြယ္ေရး၀န္ႀကီးေဟာင္း ဘႀကီးဘေဘ တေယာက္ မိမိထိုင္ရမည့္ ကုလားထိုင္တြင္ ထိုင္လ်က္ မိမိကိုယ္စား အသတ္ခံသြားရေသာ ဦးဘ၀င္းႏွင့္ ဗိုလ္ခ်ဳပ္တို႔ ညီအစ္ကို၏ ကံၾကမၼာသည္ မိမိဘ၀ႏွင့္ မည္သုိ႕ဆက္စပ္ပံုကို စဥ္းစားရင္း ၀မ္းနည္းေနမည္လား၊ ၀မ္းသာေနမည္လားဆိုသည္မွာ စိတ္၀င္စားစရာ ေကာင္းလွပါ၏။

ဦးေအာင္ဆန္း ကိုယ္တိုင္လည္း မိမိသည္ ႏိုင္ငံေရးေလာကတြင္ လူမုန္းမ်ားေနသည္ဟု ခံစားရၿပီး ၾကာၾကာခံေတာ့မည္ မဟုတ္ေၾကာင္း၊ ေနာက္ထပ္ ၁၈ လထက္ ပိုေနရဖို႕ တြက္မထားပါဘူး ဟု ၁၉၄၆ ႏွစ္ဦးပိုင္းတြင္ ထိုအခ်ိန္က ဘုရင္ခံျဖစ္ေသာ ဆာရဂ်ီနယ္ေဒၚမန္စမစ္အား ႏွစ္ကိုယ္ၾကား ေျပာခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဘယ္သူသတ္သလဲ စာအုပ္ စာမ်က္ႏွာ ၁၅၆ တြင္ ေဖာ္ျပထားပါသည္။ ထိုစာအုပ္ စာမ်က္ႏွာ ၁၅၅ တြင္ ဦးေအာင္ဆန္း လုပ္ႀကံျခင္း မခံရမီကပင္ ျမန္မာမ်ိ္ဳးခ်စ္မ်ား၏ စစ္အတြင္း ေခါင္းေဆာင္ျဖစ္ေသာ ေဒါက္တာဘေမာ္က “ေသနတ္ကိုးကြယ္မႈဟာ အစြဲအလမ္းႀကီးေနတဲ့ အရာကို ကိုးကြယ္သလို ျဖစ္လာတယ္။ ဂ်ပန္ေတြဆီက ျမန္မာေတြ ႏွစ္ခ်က္ေလ့လာခဲ့ရတယ္။ လူစုလူေ၀း အစည္းအရံုးကို အေျခခံတဲ့ေခါင္းေဆာင္မႈနည္း အတတ္ပညာနဲ႔ လက္နက္တပ္ဆင္ထားသူမ်ားရဲ႕ အာဏာနဲ႔ တင့္တယ္မႈျဖစ္တယ္။ ျမန္မာႏိုင္ငံရဲ႕ အနာဂတ္ကို ေရြးခ်ယ္ တင္ေျမွာက္ပြဲေတြက ဆံုးျဖတ္မွာမဟုတ္ဘဲ ေသနတ္က ဆံုးျဖတ္မွာ ျဖစ္တယ္။ ျမန္မာ့ႏိုင္ငံေရးမွာ ခင္ဗ်ားတို႔ လိုအပ္တာက ႏိုင္မယ့္ဘက္က စ,မိဖို႔နဲ႔ ေသနတ္ေတြ အေျမာက္အမ်ားရွိဖို႕ပဲ” ဟု မွတ္ခ်က္ခ်ခဲ့ဖူးသည္ကို ထုတ္ႏႈတ္ေရးသားထားျပီး “ေဒါက္တာဘေမာ္၏ အေကာင္း မျမင္ေသာ ႀကိဳတင္နိမိတ္ဖတ္မႈသည္ ဦးေစာႏွင့္ တကယ္လက္ေတြ႕ ျဖစ္လာခဲ့သည္။ နန္းစဥ္မကိုဋ္ကို အရယူ နန္းတက္ႏိုင္ေရးအတြက္ ၿပိဳင္ဘက္ဟူသမွ်ကို လံုးဝဥႆံု ရွင္းပစ္သည့္ သုတ္သင္ေရးကို ျမန္မာအာဏာရူးမ်ား ယေန႔တိုင္ က်င့္သံုးလ်က္ ရွိသည္” ဟု ေရးသား ေဖာ္ျပထားပါသည္။

(ဆက္လက္ေဖာ္ျပပါမည္)
__________________________________________________________________________
#Unicode
ကွန်မြူနစ် သခင်ဗဟိန်းအား တပ်မတော်ကို ဦးစီးခေါင်းဆောင်နေရာပေးရန် ဗိုလ်ချုပ်အောင်ဆန်း လျှို့ဝှက်စီစဉ်ခဲ့ပုံကို ဆိုရှယ်လစ်များ သိသွားဟန်ရှိသည်ဟု ဗိုလ်ကျော်ဇောက ၄င်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် (စာမျက်နှာ ၁၁၉) တွင် ဗိုလ်အောင်ကြီး၏ ၁၉၈၈ ခုနှစ်ကာလ ဦးနေဝင်းထံပေးစာများကို ရည်ညွှန်း ကောက်ချက်ချခဲ့ခြင်း ဖြစ်ပါသည်။

ဗိုလ်ကျော်ဇောသည် မဆလခေတ် နောက်ဆုံးသမ္မတ ဒေါက်တာ မောင်မောင်ရေးသည့် “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း” စာအုပ် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေထားချက်ကို ဖတ်ရှုခွင့်မရခဲ့ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ စာအုပ်ကို ဒေါက်တာ မောင်မောင်အနေဖြင့် သက်ရှိထင်ရှားရှိစဉ် ရေးသားခဲ့ပြီး ဖြစ်သော်လည်း ၁၉၉၄ ခုနှစ် ၄င်းကွယ်လွန်သည့်တိုင် ထုတ်ဝေခြင်း မရှိခဲ့ပါ။ ဒေါက်တာ မောင်မောင် ကွယ်လွန်ပြီး ၅ နှစ်ကျော် ၁၉၉၉ ခုနှစ်တွင်မှ အမေရိကန် ပြည်ထောင်စုတွင် ထူးထူးခြားခြားသွား၍ အင်္ဂလိပ်ဘာသာဖြင့် စတင်ထုတ်ဝေခဲ့ပါသည်။ အဆိုပါစာအုပ် မြန်မာဘာသာပြန်ကို ဒေါက်တာ မောင်မောင် ကွယ်လွန်ပြီး ၁၉ နှစ်ကြာ၂၀၁၃ ခုနှစ်တွင်မှ အလွန်နောက်ကျစွာ မြန်မာနိုင်ငံတွင် ထုတ်ဝေသောကြောင့် ဖြစ်ပါသည်။ အဆိုပါစာအုပ် အခန်း ၁၂၊ ပြန်လည်အမှတ်ရခြင်း၊ စာမျက်နှာ ၃၈၄ တွင် “ယနေ့ခေတ်လူများ မှတ်မိမည် မဟုတ်သော အခြားဖြစ်ရပ်တခုမှာ စစ်ကြီးပြီးသွားချိန်၌ မဟာမိတ်စစ်ဦးစီးချုပ် မောင့်ဘက်တန်သည် မြန်မာ့တော်လှန်ရေးတပ်များအား မျိုးချစ်မြန်မာ့တပ်ဖွဲ့ PBF ဟု ပြောင်းလဲအမည်ကင်ပွန်းတပ်လျက် ၄င်းတပ်ဖွဲ့၏အနာဂတ်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့် လေးလေးနက်နက် ဆွေးနွေးခဲ့သည်။ ထိုအခါက ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လူသိနည်းပြီး အေးဆေးစွာ နေတတ်သော ကွန်မြူနစ်တဦးဖြစ်သည့် သခင်ဗဟိန်းအား စာနှင့်ပေနှင့် တရားဝင် ခန့်အပ်ခဲ့သည်။ သို့သော် သခင်ဗဟိန်းမှ ဦးစီးချုပ်ရာထူးအား လိမ္မာပါးနပ်စွာ ငြင်းပယ်ခဲ့ရုံသာမက နိုင်ငံရေးလောကကိုလည်း အပြီးအပိုင်ကျောခိုင်းကာ ဇာတိမန္တလေးသို့ ပြန်သွားခဲ့သည်။ နောက်တနှစ်ခန့်ကြာသော် သူသည် မန္တလေးမှာပင် ဆုံးသွားခဲ့သည်။”

“ဤဖြစ်ရပ်ဖြစ်စဉ်တို့မှာ အတိတ်တွင်ကျန်ရစ်ခဲ့ပြီးဖြစ်သော ကိစ္စရပ်များဖြစ်လျက် လူသားတို့၏ သဘောသဘာဝကို နားလည် သိမြင်စေလို၍ ဖော်ပြရခြင်းသာ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းနှင့် ဗိုလ်ချုပ်နေဝင်းတို့ အားလုံးသည် လူသားထဲမှ လူများသာဖြစ်ကြသည်မို့ အားနည်းချက် ပျော့ကွက်များ မကင်းနိုင်ကြ။ ဖြစ်စဉ်ဖြစ်ရပ်တို့ မည်သည် သူ့နောက်ခံ အကြောင်းနှင့်သူ ပေါ်ပေါက်လာတတ်သလို ကွဲပြားခြားနားသော လျှို့ဝှက် အနက်ဓိပ္ပါယ်များ ပါ၀င်သရုပ်ဆောင်ကြသူတို့၏ စိတ်နေ စိတ်သဘောထားများတို့နှင့်လည်း သက်ဆိုင်နေကြောင်း တွေ့ရပေလိမ့်မည်” ဟု ဖော်ပြပါရှိချက်အရ ကွန်မြူနစ် သခင်ဗဟိန်းကို တပ်မတော် ခေါင်းဆောင်တင်ရန် ဗိုလ်ချုပ် အောင်ဆန်းက သခင်သန်းထွန်းနှင့် ကြိုတင်ညှိုနှိုင်း တိုင်ပင်ဆွေးနွေး တောင်းခံခဲ့ခြင်း မဟုတ်ဘဲ စာနှင့်ပေနှင့် တရားဝင် ခန့်အပ်ခဲ့သည်ဟုပင် ဒေါက်တာမောင်မောင်က အတိအကျ စွပ်စွဲရေးသားထားသည်ကို တွေ့ရပါသည်။ အမှန်တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း တင်ပြသော တပ်မတော်ခေါင်းဆောင် စာရင်းမှန်မှာ ဗိုလ်လကျ်ာနှင့် စောကြာဒိုး ဖြစ်နေသည်ကို ဒေါက်တာမောင်မောင်၏ စာတွင် ရှင်းပြမထားပေ။

မည်သို့ဆိုစေ သခင်ဗဟိန်းအား ဦးစီးချုပ်ခန့်အပ်ရန် ဗိုလ်ချုပ်အောင်ဆန်း လျှို့ဝှက်စီစဉ်ခဲ့ပုံကို ကန္ဒီစာချုပ် ချုပ်သည့်အချိန်ကာလ တဝိုက်ကပင် ဆိုရှယ်လစ်အုပ်စု နောင်တွင် ယူနစ်အုပ်စုဟု တပ်မတော်အတွင်း ထင်ရှားလာသူများက သိရှိသွားခဲ့ပြီဟု မှတ်ယူရန် အကြောင်းများ ထင်ရှားပေါ်ပေါက်နေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ ခေတ်တခေတ်၏ အရေးပါလှသည့် အဖြစ်အပျက်များကို နက်ရှိုင်းစွာ သိရှိနားလည်စေရန် ဂျပန်ခေတ်အဓိပတိ ဒေါက်တာဘမော် ရေးသားပြီး စစ်ပြီးခေတ်တွင် ထုတ်ဝေသည့် “မြန်မာပြည်တွင်း အောင်မြင်မှုကြီး” အမည်ရှိ စာအုပ်တွင် ဒေါက်တာဘမော်က “မြန်မာပြည်နှင့် ပတ်သက်သော သမိုင်းဆိုင်ရာ အမှန်တရားများသည် မြန်မာလူမျိုးတို့ကိုယ်တိုင် ပြန်မပြောပြသမျှ ကာလပတ်လုံး မည်သည့်အခါမျှ ရုပ်လုံးပီပြင်စွာ ပေါ်လွင်လာမည် မဟုတ်ချေ” ဟု ရေးသားခဲ့ပါသည်။ ၄င်းကပင် ဆက်လက်၍ “ဒုတိယကမ္ဘာစစ်နှင့် စစ်ကြိုခေတ် မြန်မာ့သမိုင်းကို ထိုခေတ်တွင်ပါ၀င်သော မြန်မာတို့ကိုယ်တိုင် မရေးသားရသေးကြောင်း ၀န်ခံခဲ့ပြီး အကြောင်းရာ ခိုင်ခိုင်လုံလုံကို အတွင်းကျကျ သိထားသောပုဂ္ဂိုလ်တို့က မရေးသားသေးသမျှ မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော အကြောင်းရင်းများ၏ အမှန်တရားကို သိရှိနားလည်နိုင်မည် မဟုတ်ချေ” ဟု ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ၊ ဥယျောဇဉ်၊ စာမျက်နှာ ၁၅ ပါရှိချက်ကိုလည်း စာဖတ်သူများ သတိပြုသင့်ပါသည်။

နိုင်ငံခေါင်းဆောင်များ လုပ်ကြံခံရသည့် ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးကြီးလှသော အာဇာနည်နေ့နှင့် ပတ်သက်၍ တရားခံအဖြစ် ဦးစောနှင့် အပေါင်းအပါများ နောက်ကွယ်တွင် နယ်ချဲ့သမားများ ရှိနေသည် ဟူသော ကောက်ချက်ကို မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက နှစ်ပေါင်းများစွာ ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက်၍ တရားခံဦးစောသည် နိုင်ငံရေးထောင်ချောက် ဆင်မှုအတွင်း ကျရောက်ခဲ့သော သားကောင်တဦးသာဖြစ်ပြီး နိုင်ငံရေးထောင်ချောက်ဆင်သူမှာ ဦးနေဝင်းဖြစ်သည်ဟူသော အယူအဆအသစ်တခု ထင်ထင်ရှားရှား ပေါ်ထွက်လာပါသည်။ အဆိုပါ အယူအဆသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံခြားသို့ စွန့်ခွာလာသူ မြန်မာအသိုင်းအဝန်းတွင် အကျယ်လောင်ဆုံး ဖြစ်မည်ဟု ယူဆပါသည်။ ဦးနေဝင်းနှင့် တွဲဖက်လျက် စာရေးဆရာ ရန်ကုန်ဘဆွေ၊ ဗိုလ်လက်ျာ၏ညီ ဦးမြလှိုင်တို့ ပြောဆို လုပ်ကိုင်ချက်များကို သက်သေထူပြီး အဆိုပါ အယူအဆကို ထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ စာရေးသူ အနေဖြင့် နိုင်ငံတော်လုပ်ကြံမှုတွင် ဦးနေဝင်း ပါ၀င်ပတ်သက်ခြင်း မရှိဟု မဆိုနိုင်သော်လည်း ပြည်ပရောက် မြန်မာများ ယူဆသလို နိုင်ငံတော်လုပ်ကြံမှုတွင် ဦးနေဝင်းသာ အဓိကဇာစ်မြစ် တာဝန်ရှိသူအဖြစ် တွေးခေါ်မှုလမ်းဆုံးနေခြင်းကို လက်ခံရန် ခဲယဉ်းလှပါသည်။

စာရေးသူအနေဖြင့် ဦးနေဝင်း ကိုယ်တိုင်သည်ပင်လျင် ၁၉၄၅ မှ ၁၉၆၀ ခုနှစ် အိမ်စောင့်အစိုးရအဖြစ် အုပ်ချုပ်ခဲ့သည့် ကာလအထိ မြန်မာနိုင်ငံရေး ကျားကွက်ပေါ်တွင် ဆိုရှယ်လစ်ဂိုဏ်း၏ နယ်ရုပ်တရုပ်သာ ဖြစ်သည်ဟု ထင်မြင်ယူဆပါသည်။ ဤယူဆချက်ကို ရှင်းလင်းစွာ သိမြင်နိုင်ရန် လုပ်ကြံခံရတော့မည့် အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်း၏ နိုင်ငံရေးဘဝခရီးတွင် သူနှင့်ထိစပ်ခဲ့သော ပုဂ္ဂိုလ်/ပါတီ အသင်းအဖွဲ့များ ဆက်စပ်ပုံကိုလည်း အတန်အသင့် သိထားမှသာ နားလည်နိုင်မည်ဟု ယူဆပါသည်။ ဆိုရှယ်လစ် ပါတီခေါင်းဆောင် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့သည် ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ နိုင်ငံရေးကာလက စတင်ရင်းနှီးခဲ့သူများဖြစ်သည်။ ဗိုလ်ချုပ်နှင့် ဦးနုတို့သည် သခင်ကိုယ်တော်မှိုင်း၏ တို့ဗမာအစည်းအရုံးတွင် ၁၉၃၈ နိုဝင်ဘာလ ၂၀ ၌ အထွေထွေ အတွင်းရေးမှူးနှင့် ၀ါဒဖြန့်ချိရေးမှူး တာဝန်များယူပြီး နိုင်ငံံရေးလောကသို့ စတင်ဝင်ရောက်ခဲ့သူများ ဖြစ်ပါသည်။

ထို့နောက် ဗိုလ်ချုပ်သည် ၁၉၃၉ သြဂုတ်လ ၁၅ ရက်တွင် သခင်စိုး ခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီတွင်လည်း အထွေထွေအတွင်းရေးမှူး တာဝန်ယူပါ၀င်ခဲ့ပြန်သည်။ ထို့အတူ ဗိုလ်ချုပ်သည် ၁၉၃၉ အောက်တိုဘာ ၁ ရက်တွင် ဒေါက်တာ ဘမော်ခေါင်းဆောင်သော ဗမာ့ထွက်ရပ်ဂိုဏ်း၌ တို့ဗမာအစည်းအရုံး ကိုယ်စားပြု၍ အထွေထွေ အတွင်းရေးမှူး တာဝန်ယူ ပါ၀င်ခဲ့ပြန်သည်။ ထို့အပြင် ၁၉၃၉ နိုဝင်ဘာ ၁၈ တွင် သခင်မြ ခေါင်းဆောင်သော ပြည်သူ့အရေးတော် ပုံပါတီ၌ ဗိုလ်ချုပ်သည် မြေအောက်တော်လှန်ရေး လှုပ်ရှားမှု လုပ်ငန်းများအတွက် ပြည်ပခေါင်းဆောင် တာဝန်ယူခဲ့ပြန်သည်။ ၁၉၄၀/၄၁ အတွင်း ဗိုလ်ချုပ်သည် ရဲဘော်သုံးကျိပ် ခေါင်းဆောင် ဖြစ်လာခဲ့ပြန်သည်။ စစ်တပ်ကို ဦးစီး၍ မြန်မာနိုင်ငံတွင်း ၀င်ရောက်လာချိန်မှစ၍ ဗိုလ်ချုပ်အောင်ဆန်း ဟူသော အမည်ဖြင့် လူထုကြား ထင်ရှားလာချိန်တွင် ဦးအောင်ဆန်းသည် မူလပါ၀င်ခဲ့သော အဖွဲ့များကို ဆက်လက် ကိုယ်စားပြုခြင်း၊ တရားဝင်နှုတ်ထွက်ခြင်း မရှိဘဲ အဆက်အဆံ ကင်းပြတ်၍ တပ်ခေါင်းဆောင်ပုံစံဖြင့်သာ ရပ်တည်လာမှုများသည်ကို တွေ့ရသည်။

ဤအခြေအနေတွင် နိုင်ငံရေးအရှိန်အဝါ ကြီးနေပြီဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းအား မူလပါ၀င်ခဲ့သော ပါတီအဖွဲ့အစည်းများသည် ဗိုလ်ချုပ်၏ အခြေအနေကို စောင့်ကြည့်လာရပြီး မိမိတို့ပါတီ အတွင်းစည်းအဖွဲ့ဝင်အဖြစ် ခိုင်ခိုင်မာမာ မသတ်မှတ်ရဲသလို၊ အရှိန်အဝါကြီးသော ဗိုလ်ချုပ်ကို ဆန့်ကျင်ပြီး သက်ဆိုင်ရာ ပါတီများမှလည်း ထုတ်မပစ်ရဲ၊ ဗိုလ်ချုပ်၏ အရှိန်အဝါကို ရသလောက်သုံးနိုင်သမျှသုံး၍ မိမိပါတီ ဦးဆောင်နေရာ ရရေးအတွက် အမြတ်ထုတ်နေကြချိန် ဖြစ်လာပါသည်။ ဗိုလ်ချုပ် ကိုယ်တိုင်ကလည်း သက်ဆိုင်ရာ ပါတီအသီးသီးမှ နုတ်ထွက်ခြင်းမရှိဘဲ မိမိကို ၀ိုင်းရံအသုံးချနေသည်ကို သိရှိလက်ခံထားသည့် သဘောတွေ့ရသည်။ မြေအောက်တော်လှန်ရေးအတွက် ရည်မှန်းပြီးဖွဲ့ခဲ့သော ပြည်သူ့အရေးတော်ပုံ ပါတီအနေဖြင့် ၄င်း၏ နိုင်ငံတွင်း လက်နက်စွဲကိုင် ပုန်ကန်ထကြွရေး အဖွဲ့ဝင်များဖြစ်သော ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့သည် ၄င်းတို့အား ဗိုလ်ချုပ်အောင်ဆန်းက ယခင်ကဲ့သို့ အလေးမထား နေရာမပေးဘဲ ရဲဘော်သုံးကျိပ်နှင့် စစ်တပ်ကိုသာ ဦးစားပေးနေမှုကို ကျေနပ်မှု မရှိကြကြောင်းကိုလည်း လေ့လာသုံးသပ်တွေ့ရှိရပါသည်။

လွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ပြန်လည် ၀င်ရောက်လာနိုင်သည့် ကိုလိုနီနယ်ချဲ့ကို ဆက်လက် လက်နက်စွဲကိုင် တိုက်ခိုက်ရေး အမြင်အပေါ် သဘောထားကွဲလွဲမှုသည် ရဲဘော်သုံးကျိပ်ဝင် အုပ်စုနှင့် အရေးတော်ပုံပါတီ၏ ယူနစ်ဂိုဏ်းဝင် ဂျပန်ခေတ် မင်္ဂလာဒုံစစ်ကျောင်းဆင်း စစ်ဗိုလ်ငယ်များ အကြားတွင် ပို၍ထင်ရှားလာခဲ့သည်ကို တွေ့ရပါသည်။ နောင်တွင် ရဲဘော်သုံးကျိပ်ဝင် အများစုမှာ လက်ဝဲကွန်မြူနစ်များ ဖြစ်လာကြ၍ ယူနစ်အုပ်စုဝင်များမှာ ဆိုရှယ်လစ်ဂိုဏ်းသားများ ဖြစ်လာကြပါသည်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၀ တွင် ဒုတိယ ပါတီကွန်ဂရက်မှ ဗမာပြည် ကွန်မြူနစ်ပါတီကို ပြန်လည်ဖွဲ့စည်းရာတွင်လည်းကောင်း၊ ၁၉၄၅ စက်တင်ဘာလ ၁ ရက်တွင် ပြည်သူ့အရေးတော်ပုံပါတီမှ ဆိုရှယ်လစ်ပါတီအဖြစ် ပြန်လည်ဖွဲ့စည်းရာတွင် လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မည်သည့်ပါတီတွင်မျှ ပါ၀င်လာခြင်း မရှိတော့ဘဲ စစ်တပ်ဦးဆောင်သူ ဗိုလ်ချုပ်အဖြစ် ရပ်တည် ကျန်ရစ်ခဲ့သည်ကို တွေ့ရသည်။ သို့သော် ၁၉-၈-၄၅ တွင် ဖွဲ့စည်းသော ဖတပလအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ကိုမူ ကိုယ်ပိုင်ပါတီမရှိဘဲ ရယူထားသည်ကို တွေ့ရသည်။

ထို့ပြင် ၄-၉-၄၅ သီဟိုဠ်ကျွန်း (သီရီလင်္ကာနိုင်ငံ) ကန္ဒီမြို့၌ မျိုးချစ်ဗမာ့တပ်မတော်ကို အမြဲတမ်း ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲသည့်အခါ မိမိသည် တပ်မတော်မှ အထွက်ပြ၍ နိုင်ငံရေးလောက ၀င်ရန် ပြင်ဆင်ထားပြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ယခင်က မိမိပါ၀င်ခဲ့သော အထက်ပါပါတီ ၂ ခုလုံးတွင် ပါ၀င်ခြင်းမရှိဘဲ နိုင်ငံရေးလောကတွင် တကိုယ်တော် ရပ်တည်ခဲ့ခြင်းမှာ စာဖတ်သူများ အတွေးနယ်ချဲ့သင့်သော အကြောင်းတရပ် ဖြစ်လာပါသည်။ ၂၇-၁၀-၄၅ တွင် စစ်တပ်မှ တရားဝင်နှုတ်ထွက်၍ နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်လာသော ဦးအောင်ဆန်းသည် ၁-၁၂-၄၅ တွင် နိုင်ငံရေးပါတီ မဟုတ်သော “ပြည့်သူ့ရဲဘော်တပ်ဖွဲ့”ကို စစ်သေနာပတိနှင့် ဥက္ကဋ္ဌနေရာ ရယူဖွဲ့စည်း ထူထောင်ခဲ့သည်ကို တွေ့ရပြန်သည်။ အဆိုပါ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဆိုသည်မှာ လွတ်လပ်ရေးတိုက်ပွဲဝင် ရဲဘော်ဟောင်းများချည်း မဟုတ်၊ ပြည်သူထဲမှ လူသစ်အမျိုးသား၊ အမျိုးသမီးများကိုလည်း လက်ခံသည်ဟု သိရသည်။ တပ်ပုံသဏ္ဍာန် ဖွဲ့စည်းထားပြီး ပါတီလည်း မဟုတ်သဖြင့် အချိန်မရွေး ဦးအောင်ဆန်း၏ ကိုယ်ပိုင်တပ် ဖြစ်လာနိုင်သော အခြေအနေသည် လွတ်လပ်ရေး ရခါနီး မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ထင်ရှားပေါ်ပေါက်ခဲ့သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။

ပြည့်သူ့ရဲဘော်အဖွဲ့သည် ၀ါဒသဘောတရားနှင့် လုပ်ငန်း လမ်းညွှန်ချက်မရှိ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု အပေါ် အခြေတည် ဖွဲ့ထားသဖြင့် ခေတ်သစ်အာဏာရှင် စနစ်တရပ် ထူထောင်ဖို့အတွက် ရည်ရွယ် ဖွဲ့စည်းလေရော့သလားဟု ထင်မှတ်ရပေသည်။ အထူးသဖြင့် ဗိုလ်ချုပ်သည် တူရကီ အမျိုးသား ခေါင်းဆောင်ကြီးနှင့် အာဏာရှင်အဖြစ် ကမ္ဘာကျော်ခဲ့သူ မူစတာဖါလ်ကီးမား၏ ပုံရိပ်ကိုဖော်ဖို့ ကြိုးစားခဲ့ဟန်ရှိသည်ဟု စာရေးသူ ယူဆပါသည်။ ပြည်သူ့ရဲဘော်သည် ဗိုလ်ချုပ်မရှိတော့သည့်အခါ ရဲဘော်ဖြူ၊ ရဲဘော်ဝါစသဖြင့် ပြည်တွင်းစစ်အတွင်း သင်းကွဲလက်နက်ကိုင် အဖွဲ့များ ဖြစ်သွားကြသည်ကို တွေ့ရပါသည်။ တရားဝင် ကိုယ်ပိုင်ပါတီ မရှိဘဲ အဖွဲ့ချုပ်ဥက္ကဋ္ဌ နေရာယူထားပြီး ကိုယ်ပိုင်တပ်ပုံစံအဖွဲ့တခုကို ပါတီပြင်ပတွင် တည်ထောင်လာသော ဦးအောင်ဆန်း၏ နိုင်ငံရေးအခင်းအကျင်းကို ပြိုင်ဘက်ပါတီဖြစ်စေ၊ မိတ်ဖက်ပါတီဖြစ်စေ၊ အားလုံးက ဂရုထားရမည့် ပုဂ္ဂိုလ်အနေအထားသို့ ဦးအောင်ဆန်း ရောက်ရှိနေသည်မှာလည်း ဦးအောင်ဆန်း ကိုယ်တိုင် ဖန်တီးသော ဦးအောင်ဆန်း၏ နိုင်ငံရေးကံကြမ္မာပင် ဖြစ်ပါသည်။ ထို့ပြင် ရန်သူမိတ်ဆွေအားလုံး ဦးအောင်ဆန်းအနီးတွင် ၀ိုင်းရံခွင့်ရှိနေသော အခြေအနေထူး တရပ်လည်း အမှန်ပင် ဖြစ်ပေါ်နေချိန် ဖြစ်ပါသည်။

အလားတူပင် တရားဝင် ဖွဲ့စည်းထားသော တပ်မတော်အား မိမိနှင့် မယားညီအစ်ကိုတော်သူ သခင်သန်းထွန်း၏ ကွန်မြူနစ်များ လက်ထဲလွှဲအပ်နိုင်ပြီး မိမိက ကာကွယ်ရေးဝန်ကြီး အာဏာကို ကိုင်စွဲလျက် အချိန်မရွေး ကိုယ်ပိုင်တပ်ပုံစံ ဖွဲ့နိုင်သည့် “ပြည့်သူ့ရဲဘော်တပ်ဖွဲ့” ကြီးကို ထူထောင်လာသူ ဦးအောင်ဆန်းအား လက်နက်ကိုင်တပ်မရှိသော အခြားပါတီ အဖွဲ့အစည်းများက ခေါင်းငုံ့လက်ပိုက် ကြည့်နေရမည့် အခြေအနေ တရပ်ဆီသို့ ထိုအချိန်က မြန်မာနိုင်ငံသည် ဦးတည်နေသည်ဟုပင် သုံးသပ်နိုင်ပါသည်။ ဦးစောက လက်နက်မရှိသော ဂဠုန်တပ်ဖွဲ့ကို ထူထောင်ထားသကဲ့သို့ ဒေါက်တာဘမော်ကလည်း သားမက်ဗိုလ်ရန်နိုင် အားကိုးဖြင့် ဒေါင်းနီတပ်ဖွဲ့ ထူထောင်ရန် ပြင်ဆင်နေသည်ကိုလည်း ထိုအချိန်တွင် လေ့လာတွေ့ရှိရပါသည်။

လွတ်လပ်ရေးအတွက် ပြည်တွင်းသူပုန်ထရေး တာဝန်ဖြင့် လက်နက်ကိုင် အတွေ့အကြုံ ရှိခဲ့ပြီး ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းဆင်း ပုဂ္ဂိုလ်များနှင့် ကိုယ်ပို်င်တပ်ဖွဲ့ အသင့်တင့်ရှိလာပြီဖြစ်သော ဆိုရှယ်လစ်ပါတီ ဂိုဏ်းသားများကမူ အာဏာလိုချင်၍ ပါတီနိုင်ငံရေးထဲ ၀င်လာသူများသာဖြစ်ရာ မိမိတို့လက်ထဲ လက်နက်ရှိတပ် ရှိနေပြီဖြစ်၍ မိမိပြိုင်ဘက် ဦးအောင်ဆန်းအပေါ် မည်သို့ သဘောထားမည်ကို စဉ်းစားကြည့်နိုင်ပါသည်။

ကဗျာဆရာကြီး ဒဂုန်တာရာက ဦးအောင်ဆန်းကို အရိုင်းဟု တင်စားခဲ့ပါသည်။ ကိုလိုနီခေတ် နိုင်ငံရေး သမားဟောင်းကြီးများနှင့် နှီးနွယ်သော အသိုင်းအဝိုင်းကမူ ဦးအောင်ဆန်းနှင့် ပတ်သက်၍ မလိုတမာစိတ်ဖြင့် ပြင်းထန်သော ဝေဖန်သံကိုလည်း စာရေးသူ လူငယ်ဘဝကပင် ကြားဖူးပါ၏။ စာရေးသူတို့လူငယ်ဘဝက ဗိုလ်ချုပ်နှင့် ပတ်သက်၍ ပါးစပ်ပြောပုံပြင်များဖြင့် တင်စား ပြောနေကြသည်ကို နိုင်ငံရေးသမားဟောင်း အချို့က နားခါးဟန်ဖြင့် “အောင်ဆန်းဆိုတာ ေ-ာက်ရမ်း တစောက်ကန်းကောင်ပါကွာ၊ အသေစောလို့ အာဇာနည်ဖြစ်တာ၊ အာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေးနယ်မှာ နည်းနည်းလေးပဲ အသက်ရှည်ခဲ့ရင် ဒီကောင် နိုင်ငံရေး မြောင်းပုတ်ထဲ ရောက်သွားမှာ မြင်ယောင်သေးတယ်။ မင်းတို့လည်း သူ့အကြောင်း အဲဒီကျမှသိမယ်” ဟု ပြောကြားသည်ကို ကြားခဲ့ဖူးပါသည်။ မိမိမမွေးခင်က အကြောင်းအရာများဖြစ်၍ ထိုပုဂ္ဂိုလ်များပြောသည်ကို မကြေမလည်နှင့် နားထောင်ခဲ့ရဖူးသည်။

ဒေါက်တာမောင်မောင်၏ ၁၉၈၈ အရေးအခင်းစာအုပ် ဒုတိယတွဲ စာမျက်နှာ ၃၈၅ တွင် “ဒဏ်ရာဟောင်းကို ပြန်ဆွမည့်အစား နာစရာတွေကို ကုစားကြပါစို့ ဟု ဦးနေဝင်းက ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ကျောင်းသားများ သပိတ်ကို လူငယ်ဘဝက ဦးဆောင်ခဲ့သည့် ကျောင်းသားဟောင်းကြီးများအား ဂုဏ်ပြုသည့် သပိတ်ရွှေရတုပွဲတွင် ပြောကြားခဲ့သည်” အစချီသော ရည်ညွှန်းစာမျက်နှာ၌ သပိတ်ကျောင်းသားဟောင်းကြီး ဦးဘဘေနှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ဖတ်ရှုရသောအခါ နိုင်ငံရေးသံဝေဂ ယူစရာ၊ ဇာတ်လမ်းတပုဒ်ကို မှတ်သားလာမိပါသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်စဉ်က အရေးပါသော အခန်းကဏ္ဍမှ အကူအညီပေးခဲ့ရသူ ဘကြီးဘဘေ တယောက် ၁၇-၁-၄၇ တွင် စာချုပ်ချုပ်ဆိုပြီး သူ့အခန်းကဏ္ဍ ကုန်ဆုံးသောအခါ ၁၉၄၇ မေလထဲတွင် ကုန်သွယ်ရေးဝန်ကြီးအဖြစ်မှ ဦးအောင်ဆန်း၏ အလုပ်ထုတ်ခြင်း ခံလိုက်ရသည်။ ထိုနေရာတွင် အစားထိုးဖို့ လူတယောက် နေရာအနှံရှာဖွေခဲ့ရာ ဦးအောင်ဆန်းသည် ၄င်း၏ဇာတိ နတ်မောက်မြို့မှ ကျောင်းဆရာ လုပ်နေသော သူ၏အစ်ကို ဦးဘဝင်းအား တွေ့ခဲ့သည်။ ကြည့်ရသည်မှာ အစိုးရဝန်ကြီးများမှ သူ့အစ်ကိုကို ခန့်ဖို့ ဦးအောင်ဆန်းအား ၀ိုင်းဝန်း အကြံပေးတိုက်တွန်း ခဲ့ပုံရသည်။ ဤနည်းအားဖြင့် မိသားစုအတွင်း ရာထူးပေးသည့် အလေ့အထသည် မရည်ရွယ်ဘဲ စတင်လာခဲ့သည်ဟု ဆိုရပေမည်ဟု ဖော်ညွှန်းထားသည်ကို ဖတ်ရှုရသည်။ အောင်ဆန်းကို ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေး နယ်ပယ်မှာ နည်းနည်းလေးပဲ အသက်ရှည်ရှည်နေလိုက်ရင် မင်းတို့ သူ့အကြောင်း ကောင်းကောင်း သိလိမ့်မယ်လို့ ပြောသူများ ဘာကိုရည်ညွှန်းကြောင်း စာရေးသူ သဘောပေါက်ပါသည်။

ဗိုလ်ချုပ်၏အစ်ကို ဦးဘဝင်းသည် ကုန်သွယ်ရေးဝန်ကြီး စားပွဲတွင် ၂ လခန့်သာ ထိုင်လိုက်ရပြီး ၁၉-၇-၄၇ တွင် ဗိုလ်ချုပ်နှင့်အတူ လုပ်ကြံခံရရှာသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်းတို့ ကျဆုံးရာ မိခင်ကြီး ဒေါ်စု နတ်မောက်မြို့မှ ရန်ကုန်သို့ လိုက်လာခဲ့ပြီး ဗိုလ်ချုပ်အလောင်းဘေးတွင် “အောင်ဆန်း … ငါ့သားကြီး ဘဝင်းကို ရန်ကုန်ကိုခေါ်ပြီး သတ်တာ နင်ပဲ” ဟု အမေစုသည် ရင်ထုမနာ ငိုကြွေးပြောဆိုခဲ့သည်ဟု တဆင့်စကား မှတ်သားဖူးပါသည်။ ၁၀-၅-၄၇ နေ့က ဗိုလ်ချုပ်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်၍ အလုပ်ထုတ်ပစ်ခြင်းခံရသော ကုန်သွယ်ရေးဝန်ကြီးဟောင်း ဘကြီးဘဘေ တယောက် မိမိထိုင်ရမည့် ကုလားထိုင်တွင် ထိုင်လျက် မိမိကိုယ်စား အသတ်ခံသွားရသော ဦးဘဝင်းနှင့် ဗိုလ်ချုပ်တို့ ညီအစ်ကို၏ ကံကြမ္မာသည် မိမိဘဝနှင့် မည်သို့ဆက်စပ်ပုံကို စဉ်းစားရင်း ၀မ်းနည်းနေမည်လား၊ ၀မ်းသာနေမည်လားဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါ၏။

ဦးအောင်ဆန်း ကိုယ်တိုင်လည်း မိမိသည် နိုင်ငံရေးလောကတွင် လူမုန်းများနေသည်ဟု ခံစားရပြီး ကြာကြာခံတော့မည် မဟုတ်ကြောင်း၊ နောက်ထပ် ၁၈ လထက် ပိုနေရဖို့ တွက်မထားပါဘူး ဟု ၁၉၄၆ နှစ်ဦးပိုင်းတွင် ထိုအချိန်က ဘုရင်ခံဖြစ်သော ဆာရဂျီနယ်ဒေါ်မန်စမစ်အား နှစ်ကိုယ်ကြား ပြောခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ စာအုပ် စာမျက်နှာ ၁၅၆ တွင် ဖော်ပြထားပါသည်။ ထိုစာအုပ် စာမျက်နှာ ၁၅၅ တွင် ဦးအောင်ဆန်း လုပ်ကြံခြင်း မခံရမီကပင် မြန်မာမျိ်ုးချစ်များ၏ စစ်အတွင်း ခေါင်းဆောင်ဖြစ်သော ဒေါက်တာဘမော်က “သေနတ်ကိုးကွယ်မှုဟာ အစွဲအလမ်းကြီးနေတဲ့ အရာကို ကိုးကွယ်သလို ဖြစ်လာတယ်။ ဂျပန်တွေဆီက မြန်မာတွေ နှစ်ချက်လေ့လာခဲ့ရတယ်။ လူစုလူဝေး အစည်းအရုံးကို အခြေခံတဲ့ခေါင်းဆောင်မှုနည်း အတတ်ပညာနဲ့ လက်နက်တပ်ဆင်ထားသူများရဲ့ အာဏာနဲ့ တင့်တယ်မှုဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ရွေးချယ် တင်မြှောက်ပွဲတွေက ဆုံးဖြတ်မှာမဟုတ်ဘဲ သေနတ်က ဆုံးဖြတ်မှာ ဖြစ်တယ်။ မြန်မာ့နိုင်ငံရေးမှာ ခင်ဗျားတို့ လိုအပ်တာက နိုင်မယ့်ဘက်က စ,မိဖို့နဲ့ သေနတ်တွေ အမြောက်အများရှိဖို့ပဲ” ဟု မှတ်ချက်ချခဲ့ဖူးသည်ကို ထုတ်နှုတ်ရေးသားထားပြီး “ဒေါက်တာဘမော်၏ အကောင်း မမြင်သော ကြိုတင်နိမိတ်ဖတ်မှုသည် ဦးစောနှင့် တကယ်လက်တွေ့ ဖြစ်လာခဲ့သည်။ နန်းစဉ်မကိုဋ်ကို အရယူ နန်းတက်နိုင်ရေးအတွက် ပြိုင်ဘက်ဟူသမျှကို လုံးဝဥဿံု ရှင်းပစ်သည့် သုတ်သင်ရေးကို မြန်မာအာဏာရူးများ ယနေ့တိုင် ကျင့်သုံးလျက် ရှိသည်” ဟု ရေးသား ဖော်ပြထားပါသည်။

(ဆက်လက်ဖော်ပြပါမည်)
aung  yein chan

aung yein chan

Powered by Blogger.