Update News
recent

ချန်ပီယံလိဂ်ပြိုင်ပွဲကို စနစ်သစ်ဖြင့် ကျင်းပတော့မည်၊ ထိပ်သီးလိဂ်များအားလုံး တိုက်ရိုက်ဝင်ခွင့် လေးနေရာစီ ရရှိမည်ဖြစ်

 
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)သည် လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီကစ၍ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံသစ်ဖြင့် ကျင်းပတော့မည်ဖြစ်ပြီး ယင်းစနစ်သစ်အရ ဥရောပထိပ်သီးလိဂ်ကြီးလေးခုမှာ လက်ရှိပိုင်ဆိုင်ထားသော ၀င်ခွင့်နေရာပမာဏ သုံးနေရာခွဲအစား လေးနေရာစီ ပိုင်ဆိုင်ခွင့်ရရှိကြတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်သည် အင်္ဂလန်ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီစီးရီးအေနှင့် ဂျာမန်ဘွန်ဒက်စ်လီဂါတို့ကို ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့် လေးနေရာစီ ပေးအပ်လိုက်ခြင်းဖြစ်ပြီး ယင်းအတွက် ယင်းလိဂ်ပြိုင်ပွဲများတွင် အဆင့်လေးဖြင့် ရာသီသိမ်းနိုင်သောအသင်းများမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ရရှိရန်အတွက် နောက်ဆုံးအဆင့်ခြေစစ်ပွဲများ ယှဉ်ပြိုင်ရန် လိုအပ်တော့မည်မဟုတ်ကြောင်း ယူအီးအက်ဖ်အေက ရှင်းပြသွားခဲ့သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို စနစ်ဟောင်းဖြင့် ကျင်းပရာတွင် ပြိုင်ပွဲကို တိုက်ရိုက်ပါဝင်ကစားခွင့်ရရှိသည့် အသင်းအရေအတွက်မှာ ၂၂ သင်းသာ ရှိခဲ့ပြီး လက်ရှိတွင်မူ အသင်းလေးသင်း ထပ်တိုးလာတော့မည်ဖြစ်၍ ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရသည့် အသင်းအရေအတွက်မှာ ၂၆ သင်း ရှိလာတော့မည်ဖြစ်သည်။

ယူအီးအက်ဖ်အေသည် အင်္ဂလန်ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီစီးရီးအေနှင့် ဂျာမန်ဘွန်ဒက်စ်လီဂါတို့ကို ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့် နေရာပမာဏ ထပ်တိုးပေးလိုက်သည့်အတွက် နောက်ဆုံးအဆင့် ခြေစစ်ပွဲအရေအတွက်မှာ ခြောက်ပွဲသာ ကျန်ရှိတော့မည်ဖြစ်ပြီး ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့တွင် ချန်ပီယံဖြစ်ထားသည့်အသင်းများကိုမူ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲများ၌ မည်သို့သော ရပ်တည်မှုဖြင့် ရာသီသိမ်းနိုင်ခဲ့သည်ဖြစ်စေ ပြိုင်ပွဲတိုက်ရိုက်ပါဝင်ကစားခွင့်ကို ယူအီးအက်ဖ်အေက ပေးအပ်သွားလိမ့်မည်ဖြစ်သည်။
The Voice
aung  yein chan

aung yein chan

Powered by Blogger.