Update News
recent

လာလီဂါပြိုင်ပွဲဆိုင်ရာ အကျိုးဆောင်ရှေ့နေများက ဟာရီရာကို ထောင်ဒဏ်လေးနှစ် ချမှတ်ရန် တောင်းဆို

လာလီဂါပြိုင်ပွဲဆိုင်ရာ တရားရေးအကျိုးဆောင်ရှေ့နေများသည် မန်ယူကွင်းလယ်ကစားသမား ဟာရီရာကို လာလီဂါတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း လုပ်ပွဲဖန်တီးကစားခဲ့ခြင်းအတွက် ထောင်ဒဏ်လေးနှစ် ချမှတ်အရေးယူပေးပါရန် အမှုကိုစစ်ဆေးနေသည့် ဂျူရီအဖွဲ့ဝင် တရားသူကြီးများကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Marca က ဖော်ပြထားသည်။

ပြည်နယ်အစိုးရရှေ့နေများသည် ဟာရီရာ အပါအ၀င် လုပ်ပွဲဖန်တီးမှု၌ ပါဝင်ပတ်သက်ခဲ့သော ကစားသမား ၃၅ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ဘောလုံးကစားခွင့် ခြောက်လပိတ်ပင်သည့်ပြစ်ဒဏ်တို့ကို ပူးတွဲချမှတ်သင့်ကြောင်း အကြံပြုတင်ပြထားပြီး လာလီဂါပြိုင်ပွဲဆိုင်ရာ တရားရေးအကျိုးဆောင်ရှေ့နေများကမူ  ပြည်နယ်အစိုးရရှေ့နေများမှာ ပြစ်မှုကျူးလွန်ထားသူများကို သက်ညှာမှုပေးသကဲ့သို့ ဖြစ်နေကြောင်း၊ လာလီဂါပြိုင်ပွဲ၏ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားတို့ကို ညစ်နွမ်းစေခဲ့သည့်လုပ်ရပ်ကို ပြုမူဆောင်ရွက်ခဲ့သူများအပေါ် သနားငဲ့ညှာရန် မည်သို့မျှအကြောင်းမရှိကြောင်း ထောက်ပြထားကြသည်။

ဟာရီရာသည် ဇာရာဂိုဇာအသင်းကို ကိုယ်စားပြု၍ ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ယင်းပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် မေလတွင် ဇာရာဂိုဇာနှင့် လီဗန်တေးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ဟာရီရာအပါအ၀င် ဇာရာဂိုဇာ ကစားသမားကိုးဦးမှာ ပေါင် ၇၉,၀၀၀ ပမာဏရှိ ငွေပမဏတစ်ရပ်ကို လက်ခံရယူ၍ လုပ်ပွဲဖန်တီးခဲ့ကြခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရရှေ့နေများက အသိပေးထားသည်။

စပိန်နိုင်ငံ၏ဥပဒေအရ ၂ နှစ်နှင့်အောက် ထောင်ဒဏ်များကို အကျဉ်းထောင်ပြင်ပတွင် ခြေချုပ်ကတိခံဝန်ချက်ဖြင့် နေထိုင်ခွင့်ရှိပြီး ဟာရီရာကို ယင်းသို့သော အခွင့်အရေးမျိုး မရစေလိုသည့်အတွက် လာလီဂါပြိုင်ပွဲဆိုင်ရာ တရားရေးအကျိုးဆောင်ရှေ့နေများ ထောင်ဒဏ်ကို တိုးမြှင့်ပေးရန် တောင်းဆိုခြင်းဖြစ်ဖွယ်ရှိသည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။
The Voice
aung  yein chan

aung yein chan

Powered by Blogger.