မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/တောင်ရပ်ကွက်၊ ၉၃ လမ်းတွင် ဖေဖော်ဝါရီလ
၂၅ ရက် ည ၁၀ နာရီခွဲက နေအိမ်မှ လမ်းပေါ်ထွက်လာသည့် အသက် ၅၆ နှစ်
အမျိုးသမီးကို အမျိုးသားတစ်ဦးက ဆဲဆိုကာ ဓားဖြင့်ခုတ်ခဲ့ကြောင်း
ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဓားဖြင့်ခုတ်စဉ်
အဆိုပါအမျိုးသမီးက လက်ဖြင့် ကာလိုက်သောကြောင့် ညာဘက်လက်တွင် ပြတ်ရှဒဏ်ရာ
တစ်ချက်ရခဲ့ပြီး ပြစ်မှုကျူးလွန်သူ အသက် ၂၃ နှစ် စည်သူအောင်ကို ရဲတပ်ဖွဲ့က
ဖမ်းဆီးကာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၂၉၄/ ၄၂၇
ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းမှ ရဲအရာရှိက ပြောသည်။
“အစ်မက
အဖေ့ကို ကျွန်တော့်အိမ်ဘက် ပြန်လိုက်ပို့ချိန် ဒီလူက ဓားနဲ့
အလစ်ဝင်ခုတ်တာ။ ကံကောင်းလို့ လက်ပဲ ထိသွားတယ်။ ကျွန်တော်တို့တွေအပေါ် ဒီလူက
အမြဲရန်ရှာနေတာကြောင့် ရဲစခန်းထံ လူအယောက် ၂၀ က လက်မှတ်ထိုးပြီး
ထိန်းသိမ်းပေးဖို့ အစောကတည်းက တိုင်ထားတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့က ဒီကိစ္စအပေါ်
ထိထိရောက်ရောက် မဆောင်ရွက်ပေးဘူး။ အခုဆို အသက်အန္တရာယ်ကိုပါ
ခြိမ်းခြောက်ခံနေရပြီ”ဟု ဓားဖြင့် ခုတ်ခံရသူ ဒေါ်မေလွင်၏ မောင်ဖြစ်သူ
ကိုမျိုးသန့်က ပြောသည်။
အဆိုပါ ဓားဖြင့်ခုတ်သူ
စည်သူအောင်မှာ ယင်း ၉၃ လမ်းတွင် နေထိုင်သူဖြစ်ပြီး ၉၃ လမ်းထိပ်တွင်
နေထိုင်သူတစ်စုနှင့် အဆင်မပြေဖြစ်ကာ ဆဲဆိုမှု၊ ခိုက်ရန်ဖြစ်ပွားမှု
ပုဒ်မတို့ဖြင့် နှစ်ဖက်အပြန်အလှန်အမှုများ တိုင်ကြားထားကြောင်း
ရဲတပ်ဖွဲ့ထံမှ သိရသည်။
“အဓိက ပြဿနာက လမ်းထဲက
ဓမ္မာရုံကိစ္စနဲ့ ပတ်သက်နေတယ်။ အရင်က စည်သူအောင်ရဲ့ မအေ ဒေါ်စန်းစန်းဝင်းက
ဓမ္မာရုံတည်ဆောက်နိုင်ဖို့ သူတို့အဖွဲ့က စတင်အကောင်အထည်ဖော်ခဲ့တယ်။ ဒါပေမဲ့
ရတဲ့ အလှူငွေတွေလည်း ဘယ်ရောက်ကုန်လဲမသိဘူး။ အချိန်တွေသာ ကြာလာတယ်။ ဓမ္မာရုံက
ဖြစ်မလာခဲ့ဘူး။ အဲဒါကြောင့် အစ်ကိုတို့အဖွဲ့က ဓမ္မာရုံတည်ဆောက်နိုင်အောင်
အဖွဲ့ဖွဲ့ပြီး လုပ်လိုက်တော့ အောင်မြင်လာခဲ့တယ်။ ဒါကို သူတို့က မကျေနပ်ဘူး။
ဓမ္မာရုံထဲက အီးစီအဖွဲ့တွေကို တမင်ရည်ရွယ်ပြီး ရန်ရှာနေတာ”ဟု ကိုမျိုးသန့်က
ပြောသည်။
စည်သူအောင်မှာ ၂၀၁၇ ခုနှစ်
နှစ်ကုန်ပိုင်းက ၉၃ လမ်းတွင် နေထိုင်သူ ကိုသန်းစိုးအောင်၏ ဦးခေါင်းကို
အုတ်ခဲဖြင့် ထုခဲ့ပြီး ကိုစန်းဆံပင်ညှပ်ဆိုင်ရှေ့တွင် အော်ဟစ်ဆဲဆိုစဉ်
ရဲစခန်းထံ သွားရောက်ဖြေရှင်းမည့် မော်တော်ယာဉ်ကို
မြန်မာ့ဂုဏ်ရည်လမ်းပေါ်တွင် အုပ်စုဖွဲ့ ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း
ကိုသန်းစိုးအောင်က ပြောသည်။
“လမ်းထိပ်အုတ်ခုံမှာ
ထိုင်နေချိန် ကျွန်တော့်ခေါင်းကို အုတ်ခဲနဲ့ စည်သူအောင်က ထုသွားတာ။
အဲဒီဖြစ်ရပ်မတိုင်ခင် ကိုစန်းဆံပင်ညှပ်ဆိုင်ထဲက ကောင်လေးတွေကို လမ်းပေါ်ကနေ
အော်ဟစ်ဆဲဆိုခဲ့သေးတယ်။ ၁၉၉ ဆီ ဖုန်းဆက်တိုင်တော့ ရဲကားရောက်လာပြီး
နှစ်ဖက်စလုံး ရဲစခန်းမှာ လိုက်ရှင်းခိုင်းတယ်။ ကျွန်တော်တို့ မိသားစုက
ဟွန်ဒါဖစ်ကားနဲ့ ရဲစခန်းဆီသွားနေချိန် သူတို့အဖွဲ့က နောက်ကလိုက်လာပြီး
ကားကို ဝိုင်းထုတာ။ မှန်တွေကို ရိုက်ခွဲသွားတယ်။ ပြဿနာက ရပ်မသွားဘဲ
ပိုပိုဆိုးလာလို့ ရဲကို ထိန်းသိမ်းပေးဖို့ လက်မှတ်ထိုးပြီး လူ ၂၀ က
တိုင်ကြားစာပို့တယ်။ လက်မှတ်ထိုးတဲ့ သူတွေကို သူတို့က
ပြန်ခြိမ်းခြောက်လာတယ်”ဟု ကိုသန်းစိုးအောင်က ပြောသည်။
စည်သူအောင်၏မိခင်
ဒေါ်စန်းစန်းဝင်းက “အစ်မရဲ့သားက သူတို့အပေါ် ရန်ရှာနေတာ မဟုတ်ဘူး။ သူတို့က
ရန်စကားအရင်ပြောတာ။ စည်သူအောင်ကို ကားနဲ့ တိုက်သွားတယ်။
ခြေထောက်ကျိုးသွားတယ်။ သူတို့ကားကို ဝိုင်းဖျက်ဆီးပါတယ် စွပ်စွဲကြတယ်။
ကားကို ဖျက်ဆီးတာ ဘယ်သူတွေမှန်း ကျွန်မလည်းမသိဘူး။ ဒါကို စည်သူအောင်က
လုပ်ပါတယ်ဆိုပြီး စွပ်စွဲတိုင်ကြားတယ်။ အခုလည်း ဓားနဲ့ခုတ်ပါတယ်ဆိုပြီး
တိုင်ထားတယ်။ ကျွန်မတို့ဘက်က အမှုဖွင့်တာကျ လက်မခံဘူး”ဟု ဆိုသည်။
ယင်းဖြစ်စဉ်နှင့်
ပတ်သက်၍ စည်သူအောင်ဘက်မှ အမှုနှစ်မှု ဖွင့်ထားပြီး ၉၃ လမ်း
ဓမ္မာရုံအဖွဲ့ဝင်များဘက်မှ အမှုလေးမှု ဖွင့်တိုင်ကြားထားကြောင်း
မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice