Update News
recent

ယာဉ်စီးခ ပေးတဲ့ ငွေတွေထဲမှာ သုံးမရတဲ့ ငွေစက္ကူ ၁၄ သိန်းကျော်ရှိနေ


ခရီးသည် တွေထည့်သွားတဲ့ ငွေစက္ကူ မှာ အစုတ်အပြဲတွေက ဆယ်ရာခိုင်နှုန်းလောက်ရှိနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ထဲကို သွားလာနေတဲ့ ခရီးသည် တွေ ယာဉ်စီးခ အဖြစ်ပေးတဲ့ ငွေစက္ကူ တွေထဲကနေ သုံးမရတဲ့ ငွေစက္ကူ က တစ်လကို ကျပ်၁၄ သိန်းလောက်ရှိတယ်လို့ ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT ထံကနေ သိရပါတယ်။
“သုံးလို့ကိုမရတော့တဲ့ ငွေအစုတ် တွေကို ဗဟိုဘဏ် မှာ ပြန်လဲနေရတယ်။ ငွေအပြဲတွေကိုတိပ်နဲ့ကပ်၊ မီးပူတိုက်ပြီးမှလဲရတာပါ။ ဒီနေ့အထိ ငွေအစုတ် တွေကို ထည့်တာရှိနေတုန်းပဲ”လို့ YUPT ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောပါတယ်။
ဗဟိုဘဏ်မှာ ငွေစက္ကူအစုတ်အပြဲတွေကို တစ်လလျှင်နှစ်ကြိမ်လဲလှယ်ပြီး ဩဂုတ်လ ဒုတိယအပတ်က ငွေစက္ကူအစုတ် ကျပ်ခုနစ်သိန်းဖိုးကို မူလတန်ဖိုးအတိုင်း လဲလှယ်ထားတယ်လို့ သိရပါတယ်။YBS စီးတဲ့ ခရီးသည်တွေဆီကနေ ကျပ်တစ်ရာတန်၊ ကျပ်နှစ်ရာတန်နဲ့ ကျပ်ငါးရာတန်အပါအဝင် အကြွေကျပ်သိန်း ၆၀ ကနေ ၁၀ဝ ကြားအထိ ရရှိနေပြီး အဆိုပါအကြွေတွေကို ခရီးသွား ပြည်သူ တွေထံ ပြန်လည်လဲလှယ်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် YBS ယာဉ်လိုင်း ၁၁ လိုင်း တာဝန်ယူပြေးဆွဲနေတဲ့ ခေတ်သစ် ဘုရင့်နောင် ကုမ္ပဏီ မှာ ခရီးသွားပြည်သူတွေက ငွေစက္ကူအပြဲတွေကို ငွေပုံးထဲကိုထည့်တာက တစ်ရက်ကို ဆယ်ရာခိုင်နှုန်းလောက်ရှိတယ်လို့ အဆိုပါကုမ္ပဏီကနေ သိရပါတယ်။
ယာဉ်စီးခ အကြွေ မရှိတဲ့ ပြဿနာ ကို ပြေလည်စေဖို့ ငွေအကြွေ လဲပေးတဲ့ လုပ်ငန်း ကို ယာဉ်လိုင်း ၂၀ ကျော်ပြေးဆွဲတဲ့ YUPT ကုမ္ပဏီ အပြင် ယာဉ်လိုင်း ခြောက်လိုင်း ကိုတာဝန် ယူပြေးဆွဲနေတဲ့ Omni Focus ကုမ္ပဏီ နဲ့ YBS 22 ယာဉ်လိုင်း ပြေးဆွဲတဲ့ ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္ပဏီ တို့ကလည်း နေ့စဉ် ငွေအကြွေ တွေ လဲပေးနေတယ်လို့ အဆိုပါ ကုမ္ပဏီတွေဆီက သိရပါတယ်။
Source : The Voice
Photos : The Voice, 7DayDaily
aung  yein chan

aung yein chan

Powered by Blogger.