(၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီ တွင် ထီစာအုပ် ပေါင်း လေးသန်းကျော် ထုတ်ဝေရောင်းချခဲ့ရာ ဇူလိုင် ၂၅ ရက် ရောင်းချပြီးချိန်အထိ ထီစာအုပ် ပေါင်း ၁၄၀၀၀၀ ကျော်မှာ ရောင်းမကုန် ထီလက်မှတ် များ ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၁ ရက်၌ ဆုမဲဖွင့်လှစ်ရာတွင် ရောင်းချပြီးသော ထီလက်မှတ်များ ထွက်ပေါ်သည်အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်း၊ အခြားသင့်လျော်ရာ ဆုမဲများ ဖွင့်လှစ်ပေးခြင်းတို့ကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သတင်းရရှိသည်။
ရောင်းမကုန် ထီလက်မှတ် များမှ ဆုမဲ ထွက်ပေါ်လာပါက အထူးဆုကြီး စနစ်နှင့် ဆုတစ်ဆုချင်း စနစ်တွင် ဖြစ်လျှင် ရောင်းရထီလက်မှတ်ဂဏန်း ထွက်ပေါ်သည်အထိ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဝေေ၀ဆာဆာ ပဒေသာ ဆုမဲစနစ်တွင် ရောင်းမကုန် ထီလက်မှတ် များမှ ဆုမဲထွက်ပေါ်လာပါက အဆိုပါ ဆုမဲ တန်ဖိုး စုစုပေါင်းအား အခြားသင့်လျော်ရာ ဆုမဲများအဖြစ် ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲက ကြေညာခဲ့သည်။
“ဆုတစ်ဆုချင်း စနစ်မှာတော့ ရောင်းရ ထီလက်မှတ် ထွက်ပေါ်လာတဲ့အထိ ပြန်ဖွင့်လှစ်ပေးလိုက်ရပြီး ရှင်းပါတယ်။ ဝေေ၀ဆာဆာ ပဒေသာ ဆုမဲစနစ်မှာတော့ နည်းနည်း ရှုပ်ထွေးမှုရှိပါတယ်။ သူ့မှာက ရောင်းရတွေရော ရောင်းမကုန် ထီလက်မှတ် တွေပါ ရောထွေးပါဝင်နေနိုင်လို့ ရောင်းမကုန် ထီလက်မှတ် ထဲ ပါဝင်သွားတဲ့ ဆုငွေပမာဏနဲ့ ညီမျှတဲ့ အခြားဆုမဲတွေကို အစားထိုး ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထီဖွင့်လှစ်တဲ့နေ့ကျရင် ခါတိုင်း မနက်ပိုင်းလောက်နဲ့ ပြီးပေမယ့် အခုလမှာ မွန်းလွဲပိုင်းအထိ ဆက်ဖွင့်လှစ်ရတာမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ တာဝန်ရှိသူက ဆိုသည်။
ထိုသို့သော အခြေအနေများကြောင့် ဆုမဲခွဲဝေပေးမည့် ပုံစံကိုလည်း အတိအကျ ကြေညာနိုင်ခြင်း မရှိတော့ဘဲ ထီဖွင့်လှစ်မည့် ရက်မှသာ သင့်လျော်သော အစီအစဉ်ဖြင့် ဆုမဲများ ထွက်ပေါ်လာမည်ဖြစ်သည်။ ရောင်းမကုန် ထီလက်မှတ် များကိုလည်း ဇူလိုင် ၂၈ ရက်တွင် ကြေညာပေးခဲ့သည်။
(၅) ကြိမ်မြောက် အောင်ဘာလေထီ ကို သြဂုတ် ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်လှစ်ခဲ့ပြီးသော ကျပ် ၅၀၀ တန်ထီများအနက် အက္ခရာအလုံးရေ အများဆုံး ဖြစ်လာခဲ့သည်။
(၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ် များကို ‘က’ အက္ခရာမှ အစဉ်လိုက် ‘အ’ အက္ခရာအထိ အက္ခရာအလုံးရေ ၃၃ လုံးနှင့် ‘ကက’ အက္ခရာမှ အစဉ်လိုက် ‘ကထ’ အက္ခရာအထိ ၁၇ လုံး စုစုပေါင်း အက္ခရာ ၅၀ လုံးခန့် ဖြန့်ဖြူးရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(၅)ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် ဆုမဲ များမှာ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းဖြစ်ပြီး ကျပ်သိန်း ၅၀၀၀၊ ကျပ်သိန်း ၃၀၀၀ နှင့် ကျပ်သိန်း ၁၀၀၀ ဆုများ ပါဝင်ကာ အနိမ့်ဆုံး ဆုမဲများမှာ ကျပ်ငါးသောင်းဖြစ်ကြောင်း သိရသည်။ (၅) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီမှစ၍ အကြိမ်မြောက်နှင့် ဖွင့်လှစ်မည့်နေ့ရက်စာသား မပါဝင်သော အရန် ထီလက်မှတ် များအား ရောင်းချခြင်း မရှိတော့ဘဲ အက္ခရာ နှစ်လုံးပူး ထီလက်မှတ်များမှာလည်း ဖွင့်လှစ်မည့် အကြိမ်နှင့် ရက်စွဲတို့ကို ဖော်ပြပေးထားသည်။
#Credit Elevens