Update News
recent

လေယာဉ်တိုက်ခိုက်မယ့်အစီအစဉ်တစ်ခု သြစတြေးလျားတားဆီးနိုင်ခဲ့


 သြစတြေးလျားအကြမ်းဖက်ချေမှုန်းရေးတပ်ဖွဲ့ရဲ့ စနေနေ့က စီးနင်းမှုတွေအတွင်း အမျိုးသားလေးဦးကို ဖမ်းဆီးမိခဲ့သလို လေယာဉ်တစ်စင်းပေါ်ဗုံးခွဲတိုက်ခိုက်မယ့်အစီအစဉ်တစ်ခုကိုလည်း တားဆီးနိုင်ခဲ့ပြီးနောက်မှာ သြစတြေးလျားကလေဆိပ်တွေမှာ လုံခြုံရေးတွေတိုးမြှင့်လိုက်တယ်လို့ သြစတြေးလျားဗဟိုရဲတပ်ဖွဲ့ (AFP) က အတည်ပြုပြောပါတယ်။
‘ လတ်တလောရက်တွေအတွင်း မှုခင်းတားဆီးရေးအဖွဲ့တွေဟာ ဆစ်ဒနီမြို့ကလူအချို့ လက်လုပ်ဖောက်ခွဲရေးပစ္စည်း တစ်ခုသုံးပြီး အကြမ်းဖက်မှုတစ်ခု ကျူးလွန်ဖို့စီစဉ်နေပုံရတယ်ဆိုတဲ့သတင်းတွေကို သတိထားမိခဲ့တယ်’ လို့ AFP ရဲမင်းကြီး အန်ဒရူးကိုဗင်းက တနင်္ဂနွေနေ့က ၀န်ကြီးချုပ်မဲလ်ကွန်တန်ဘူးနဲ့အတူ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
သည်လုပ်ရပ်ဟာ အစ္စလာမ်အယူလွှမ်းမိုးတဲ့အကြမ်းဖက်မှု (Islamic-inspried terrorism) ဖြစ်တယ်လို့ သူတို့ ယုံကြည်ကြောင်း သည်ဖြစ်ရပ်နောက်ကွယ်ကအကြောင်းကို သူတို့အပြည့်အ၀စုံစမ်းသွားဖို့ လိုအပ်ကြောင်း သူက ဆက်ပြောပါတယ်။
သူကဆက်ပြောရာမှာ လောလောဆယ်တော့ သည်သီးခြားတိုက်ခိုက်မှုရဲ့ နေရာ၊ နေ့ရက် ဒါမှမဟုတ် အချိန်နဲ့ ပတ်သက်ပြီး ပြောပလောက်တဲ့ သတင်းအချက်အလက်တွေသူတို့မှာမရှိသေးပေမယ့် လေကြောင်းလုပ်ငန်းဟာ ပစ်မှတ်တစ်ခု ဖြစ်ဖို့အလားအလာရှိတယ်ဆိုတာကို ညွှန်ပြနေတဲ့ သတင်းအချက်အလက်တွေကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဆစ်ဒနီမြို့ဆင်ခြေဖုံး ဆာရီဟေးစ်၊ လာကမ်ဘာ၊ပန့်ခ်ျဘိုးနဲ့ဝီလေးပတ်ခ်အနှံ့က နေရာငါးခုကို စနေနေ့ကရှာဖွေခဲ့ပါ တယ်။ သည်နေရာတွေထဲက လေးခုကို ရက်အတော်ကြာထိဆက်ပြီးရှာဖွေသွားမယ်လို့ ရဲမင်းကြီးကပြောပါတယ်။
သြစတြေးလျားလုံခြုံရေးတပ်ဖွဲ့နဲ့ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့အကြံပေးချက်အရ ဆစ်ဒနီလေဆိပ်မှာ ကြာသပတေး နေ့က လုံခြုံရေးတွေတိုးမြှင့်စီမံထားသလို ပြည်တွင်းနဲ့နိုင်ငံတကာလေဆိပ်တွေမှာ စနေနေ့ကစပြီးသည်စီမံချက်တွေ စတင်ထားတယ်လို့ တန်ဘူးလ်ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့အနီးကပ်မဟာမိတ်ဖြစ်တဲ့ သြစတြေးလျားဟာ အရှေ့အလယ်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ နိုင်ငံတွင်းက စစ်သွေးကြွတွေ ဒါမှမဟုတ် သူတို့ကိုထောက်ခံသူတွေပြန်ရောက်လာချိန်ကစပြီး တိုက်ခိုက်မှုတွေ အတွက် သတိပေးချက်ကို အမြင့်ဆုံးတပ်လှန့်ထားပါတယ်။
အာဏာပိုင်တွေကလည်း သည်လူတွေပြန်လာတဲ့ ၂၀၁၄ ခုနှစ်တည်းကစပြီး တိုက်ခိုက်မှုဖြစ်နိုင်ခြေရှိတဲ့ဖြစ်ရပ်အများ အပြားကိုတားဆီးနိုင်ခဲ့ပေမယ့် တစ်ကိုယ်တော်တိုက်ခိုက်ရေးသမားအများအပြားရှိနေသေးတယ်လို့ ပြောပါတယ်။
#Credit  Kumudra
aung  yein chan

aung yein chan

Powered by Blogger.