Update News
recent

မန်ချက်စတာ တိုက်ခိုက်မှု နောက်ကွယ်တွင် ပါဝင်သည့်ကွန်ရက်၏ ကြီးမားသော အစိတ်အပိုင်းကို ဗြိတိန်က ဖမ်းဆီးထားနိုင်ခဲ့


ဗြိတိန်တွင် ရွေးကောက်ပွဲမဲဆွယ်မှုကို ပြန်လည်စတင်ချိန်၌ ရဲတပ်ဖွဲ့အသုံးစရိတ်များ ဖြတ်တောက်မှုအတွက် အစိုးရသည် ပြင်းထန်စွာ ဝေဖန်ခံနေရချိန်တွင် မန်ချက်စတာ၌ အသေခံဗုံးခွဲမှုနောက်ကွယ်မှ ပါဝင်သည့် ကွန်ရက်၏ ကြီးမားသော အစိတ်အပိုင်းကို ဗြိတိန်က ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က မေ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
IS အဖွဲ့က ၎င်းတို့တွင် တာဝန်ရှိသည်ဟု ထုတ်ပြန်ထားသော ယင်းတိုက်ခိုက်မှုနှင့် ဆက်နွှယ်၍ လတ်တလောတွင် သံသယရှိသူကိုးဦးအား ဗြိတိန်မြေပေါ်တွင် ထိန်းသိမ်းထားသည်။ အသေခံဗုံးခွဲသူဖြစ်သော အသက် ၂၂ နှစ်ရှိ ဆယ်မန်အဗ္ဗဒီ၏ ညီဖြစ်သူနှင့် ဖခင်ဖြစ်သူတို့ကိုလည်း လစ်ဗျားတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်။ ၎င်းတို့ ညီအစ်ကိုနှစ်ဦးစလုံးသည် IS အဖွဲ့ဝင်များဖြစ်ပြီး ဖခင်ဖြစ်သူသည် အယ်ကေးဒါးနှင့် ဆက်နွှယ်သည့် ယခုဖျက်သိမ်းလိုက်ပြီဖြစ်သော စစ်သွေးကြွအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ကြောင်း လစ်ဗျားက ထုတ်ပြန်ခဲ့သည်။
အသက် ၁၈ နှစ်အောက် ခုနစ်ဦးအပါအ၀င် သေဆုံးသူ ၂၂ ဦးရှိခဲ့သော ယင်းရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုနှင့် ဆက်နွှယ်သော ကွန်ရက်၏ ကြီးမားသောအစိတ်အပိုင်းကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ခေါင်းဆောင် မာ့ခ်ရိုးလေးက ပြောကြားခဲ့သည်။ ဗြိတိန်တွင် စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းခဲ့သူကိုးဦး၌ မေ ၂၆ ရက် အစောပိုင်းတွင် မန်ချက်စတာတောင်ပိုင်း၌ ဖမ်းဆီးခံခဲ့ရသူ အသက် ၃၀ ရှိသူတစ်ဦး၊ ယင်းနေ့နှောင်းပိုင်းတွင်အနီးရှိ Rusholme ၌ထိန်းသိမ်းခံခဲ့ရသူ အသက် ၄၄ နှစ်ရှိသူ တစ်ဦးတို့အပါအ၀င် အသက် ၁၈ နှစ်မှ ၄၄ နှစ်အကြား ရှိသူများပါဝင်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျီရမီကော်ဘင်က ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် ထရီဆာမေသည် ပြည်ထဲရေးဝန်ကြီးအဖြစ် ထမ်းဆောင်စဉ်က ရဲတပ်ဖွဲ့၏ အသုံးစရိတ်အား လျှော့ချဖြတ်တောက်ခဲ့အပြီးတွင် အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကြုံတွေ့ရနိုင်မှုအား လျှော့ချနိုင်ရန် ရဲတပ်ဖွဲ့အတွက် လိုအပ်သော ရန်ပုံငွေပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လွတ်လပ်သော ပညာရှင်အဖွဲ့ Institute for Fiscal Studies ၏ထုတ်ပြန်ချက်အရ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အကြား ရဲတပ်ဖွဲ့ဝင် အရေအတွက်သည် ၂၀၀၀၀ နီးပါး၊ ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးမှုနှင့် ဆက်နွှယ်သော အရေးကြီးသော အချက်အလက်များသည် အမေရိကန်ဘက်မှ ပေါက်ကြားမှုကြောင့် ဗြိတိန်က ဒေါသထွက်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်သည် မေ ၂၆ ရက်တွင် လန်ဒန်သို့သွားရောက်၍ မန်ချက်စတာတိုက်ခိုက်မှု၌ သေဆုံးထိခိုက်ခဲ့သူများနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့သည်။ လျှို့ဝှက်အချက်အလက်များ ပေါက်ကြားမှုအတွက် ၎င်းတို့က အပြည့်အ၀တာဝန်ယူပြီး ဖြစ်ပွားခဲ့မှုများအတွက် စိတ်မကောင်းဖြစ်မိကြောင်း ၎င်းကပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်မေက ဗြိတိန်တွင် နောက်ထပ်တိုက်ခိုက်မှု ဖြစ်အံ့ဆဲဆဲ အခြေအနေအတွက် တပ်လှန့်မှုကို ‘အလွန်အမင်းအရေးကြီး’ အဆင့်သို့ အမြင့်ဆုံးတိုးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
#Credit Elevens news
aung  yein chan

aung yein chan

Powered by Blogger.