နိုင်ငံတောင်ပိုင်းရှိ မာရာဝီမြို့တွင် အစ္စလာမ္မစ် စစ်သွေးကြွများနှင့် တိုက်ခိုက်မှု ငါးရက်ကြာမြင့်လာပြီဖြစ်သည့် ဖိလစ်ပိုင်စစ်တပ်သည် မေ ၂၇ ရက်တွင် မြို့ပေါ်ဒေသများတွင်ပါ ဗုံးများထပ်မံကြဲချတိုက်ခိုက်ခဲ့သည်။ ယင်းသည် ရာမာဒန်ဥပုသ်လ စတင်ပြီဖြစ်သော်လည်း စစ်တပ်က စစ်သွေးကြွများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အစီအစဉ်မရှိမှုကို ပြလိုက်ခြင်းဖြစ်သည်။
စစ်သွေးကြွများ၏ တိုက်ခိုက်မှုများသည် ဒေသဆိုင်ရာ မွတ်စလင်နယ်မြေတစ်ခု ထူထောင်ရန် IS အဖွဲ့၏ကြိုးပမ်းမှုမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း နိုင်ငံတောင်ပိုင်းတစ်ဝန်း စစ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့သည့် သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားခဲ့သည်။ စစ်သွေးကြွများ မည်သည့်နေရာတွင် အခြေခိုင်အောင် လုပ်ဆောင်နေသည်ကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယင်းအတွက် ဒေသဆိုင်ရာ ယင်းအကြမ်းဖက်အဖွဲ့ကို ပစ်မှတ်အား တိတိကျကျ ပစ်ခတ်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး ဂျိုးအာဟာရီရာကလည်း ပြောကြားခဲ့သည်။
ကက်သလစ်ဘာသာဝင် အများစုနေထိုင်သော ဖိလစ်ပိုင်တွင် မွတ်စလင် အများဆုံးနေထိုင်သည့် လူဦးရေ ၂၀၀၀၀၀ ခန့်ရှိသော မာရာဝီမြို့၌ သေဆုံးသူ ၄၈ ဦးထက်မနည်း ရှိလာပြီဖြစ်သော စစ်တပ်နှင့်စစ်သွေးကြွများအကြား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား ထွက်ပြေးခဲ့ရပြီးဖြစ်သည်။ ယင်းစစ်သွေးကြွများသည် ဒေသဆိုင်ရာ Maute အကြမ်းဖက်အဖွဲ့မှဖြစ်ပြီး ရာဇ၀တ်သားများက ထောက်ကူပေးထားကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။
စစ်သွေးကြွခြိမ်းခြောက်မှုအား ချေမှုန်းသွားမည်ဟု ဒူတာတေးက ကတိပြုထားသော်လည်း ယင်းအဖွဲ့၏ခေါင်းဆောင်များနှင့် ဆွေးနွေးရန်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် စစ်သွေးကြွများက ဓားစာခံများအား ပြန်လွှတ်ပေးရန်အတွက် ညှိနှိုင်းလိုခြင်းမရှိပါက ဆွေးနွေးပွဲဖြစ်နိုင်ခြေ အလွန်အမင်း နည်းပါးနေပုံရကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်း၌ စစ်အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်းထားစဉ် စစ်သားများအား အပြည့်အ၀ ထောက်ပံ့ပေးသွားမည်ဟု ဒူတာတေးက ထပ်မံအာမခံခဲ့ပြီး စစ်သားများသည် အမျိုးသမီးသုံးဦးအထိ မုဒိမ်းကျင့်၍ရကြောင်း မေ ၂၆ ရက်တွင် ဟာသလုပ်ပြောကြားခဲ့သည်။ ဒူတာတေးသည် အလျင်အမြန် မြင့်တက်လာနေသည့် အစ္စလာမ္မစ် အကြမ်းဖက်မှုကို နှိမ်နင်းနေရသည့် တပ်ဖွဲ့ဝင်များ အားတက်လာစေရန်အတွက် စစ်စခန်းတစ်ခုတွင် မိန့်ခွန်းပြောစဉ်အတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒီစစ်အုပ်ချုပ်ရေးဥပဒေအတွက်၊ အဲဒီဥပဒေရဲ့ နောက်ဆက်တွဲတွေအတွက်နဲ့ ပဲ့တင်ရိုက်ခတ်မှုတွေအတွက် ကျုပ်တစ်ယောက်တည်းမှာပဲ တာဝန်ရှိတယ်။ ခင်ဗျားတို့အလုပ် ခင်ဗျားတို့လုပ်ကြ။ ကျန်တာကျုပ်ရှင်းမယ်” ဟု ၎င်းကပြောကြားခဲ့သည်။
“ခင်ဗျားတို့အတွက် ကျုပ်ကထောင်ကျခံလိုက်မယ်။ ခင်ဗျားတို့ (မိန်းမ) သုံးယောက်ကို မုဒိမ်းကျင့်လိုက်ရင် ကျုပ်ကျင့်လိုက်တယ်လို့ပဲ ပြောမယ်” ဟု ဒူတာတေးက ပြောကြားခဲ့သည်။ အသက် ၇၂ နှစ်ရှိ ဒူတာတေးသည် မဲဆွယ်စဉ်အတွင်း သူသည်အပျော်မယားနှစ်ယောက် ထားခဲ့ကြောင်း သို့သော် သမ္မတဖြစ်လာပါက ဈေးသက်သာသော ဟိုတယ်များသို့သာ ခေါ်ဆောင်သွားမည်ဖြစ်သဖြင့် အခွန်ထမ်းပြည်သူများ၏ ငွေများဆုံးရှုံးစေမည် မဟုတ်ကြောင်းဟာသလုပ် ပြောကြားခဲ့ဖူးသည်။
#Credit Elevens