Update News
recent

မသင်္ကာသော ဆိုင်ကယ် စီးနင်းလာသူများကို စစ်ဆေးနေသည့် လှည့်ကင်းအဖွဲ့အား အရက်မူးပြီး မောင်းနှင်လာသော ကားတစ်စီးက ၀င်တိုက်မှုဖြစ်ပွားရာ သုံးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ



မန္တလေးမြို့တွင် ညအချိန် မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်းလာသူများကို စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းလှည့်ကင်းအဖွဲ့အား အရက်မူးပြီး မောင်းနှင်လာသော ကားတစ်စီးက ၀င်တိုက်မှု ဖြစ်ပွားခဲ့ရာ သုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိမှု မေ ၂၃ ရက် နံနက် ၁ နာရီက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် ဇလပ်ဝါ လမ်းထောင့်တွင် မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်းလာသူများကို စစ်ဆေးနေသည့် ရဲအုပ် ဇော်မင်းထိုက် ပါဝင်သော ပူးပေါင်းအဖွဲ့အား ဟွန်ဒါဖစ် မော်တော်ယာဉ်မှ အရှိန်ပြင်းစွာ ၀င်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၆၂ လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသည့် ဟွန်ဒါဖစ် အဖြူရောင်ယာဉ်သည် လမ်းအနောက်ခြမ်း၌ မသင်္ကာဖွယ်ယာဉ်များကို စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် လမ်းဘေးတွင် ရပ်တန့်ထားသည့် ဆိုင်ကယ်များကိုပါ အရှိန်ဖြင့် ၀င်တိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့အပါအ၀င် အရပ်သားများပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ဆေးရုံ ပို့ဆောင်စဉ်မှာပင် သုံးဦးမှာ လမ်းတွင်သေဆုံးခဲ့ပြီး ရှစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့သည်။
“ဟွန်ဒါဖစ်ယာဉ် မောင်းလာတဲ့သူက အရက် အတော်မူးနေတယ်။ ၆၂ လမ်းမှာ မသင်္ကာဖွယ် ဆိုင်ကယ်တွေကို စစ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို အရှိန်နဲ့ အကုန်တရွတ်ဆွဲ တိုက်သွားတာ။ သုံးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိပါတယ်။ နှစ်ဦးကတော့ အရပ်သားဖြစ်ပြီး တစ်ဦးက ရဲတပ်ဖွဲ့ထဲ ၀င်ဖို့လုပ်နေသူ တစ်ဦးဖြစ်ပါတယ်။ ယာဉ်မောင်းကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သုတမောင်က အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားသည်။
ယာဉ်တိုက်မှုကြောင့် ကိုဇော်လင်းအောင် (၃၅ နှစ်)၊ ကိုဟန်ဝင်းအောင် (၂၃ နှစ်) နှင့် ကိုနိုင်ထွန်း (၂၅ နှစ်) တို့ သုံးဦးသည် ဆေးရုံတင်ပို့စဉ် သေဆုံးခဲ့ပြီး အမှတ် (၁၁) ရဲစခန်းမှ ရဲအုပ် ဇော်မင်းထိုက်၊ ရဲတပ်ကြပ် ကျော်မြင့်ထွန်း၊ ရဲဒုတပ်ကြပ် ရဲလင်းအောင်တို့သည် ချိုစောင်းပွန်းပဲ့ ပေါက်ပြဲ၊ လက်မောင်း၊ နှာခေါင်းပေါက်ပြဲ၊ ခြေသလုံးကျိုးဒဏ်ရာ စသည်တို့ အသီးသီးရရှိခဲ့ကြောင်း၊ ယင်းအပြင် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးနေသည့် ကိုထွန်းထက်ဇော် (၂၄ နှစ်)၊ ကိုအောင်နိုင်တိတ် (၁၈ နှစ်) နှင့် ကိုချစ်ရဲဇော် (၃၀ နှစ်) တို့သည် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း၊ မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခံရသည့် ကိုမောင်မောင်လေးနှင့် ကိုဇင်ကိုတို့သည့် ချိုစောင်းပေါက်ပြဲ၊ ခြေသလုံးဖူးရောင် ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ သေဆုံးသူ သုံးဦးထဲမှ တစ်ဦးဖြစ်သည့် ကိုနိုင်ထွန်းဆိုသူသည် ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခြင်း ခံရသည့်သူဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တာဝန်ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့နှင့် ပူေးပါင်းအဖွဲ့အား ဒဏ်ရာရရှိကာ အသက်သေဆုံးသည်အထိ ယာဉ်အား မဆင်မခြင် မောင်းနှင်ခဲ့သူ ဇေယျာထွန်းအား ဒုရဲအုပ် သုတမောင်က တရားလိုပြုလုပ်ကာ ယာဉ် (ပ) ၁၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၃/၃၃၈/၃၀၄ (က) ဖြင့် အမှတ် (၁၁) ရဲစခန်းတွင် အမှုဖွင့်ထားသည်။
မန္တလေးမြို့တွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်၊ ဖုန်းလုယူမှုများသာမက အုပ်စုဖွဲ့ရန်ပြုကာ ဆိုင်ကယ်ရိုက်လုမှုများ ဖြစ်ပွားနေမှုကြောင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှစ၍ နေ့ည၊ ညဥ့်ဦး၊ ညဥ့်နက် ပိတ်ဆို့ ပူးပေါင်းရှာဖွေ စစ်ဆေးမှုများပြုလုပ်နေရာ ပူးပေါင်းပိတ်ဆို့မှုများတွင် ရန်ပြုခံရခြင်း မရှိသော်လည်း ဆိုင်ကယ်ဖြင့် လှည့်ကင်း လှည့်လည်သည့် ရဲတပ်ဖွဲ့ဝင်များ ရန်ပြုခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
#Credit Elevens News
aung  yein chan

aung yein chan

Powered by Blogger.