Update News
recent

ထိုင်ဝမ်မှ သစ်တောဘတ်စ်ကားက ခရီးသည်များကို ဆွဲဆောင်ညှို့ငင်နေ


ထိုင်ဝမ်မြို့တော်၏ ပြည့်ကျပ်ညပ်နေသော အများပြည်သူ သယ်ယူပို့ဆောင်ရေးများနှင့် အသားကျနေသည့် ခရီးသည်များအတွက် မွှေးပျံ့ပြီး အရွက်ဝေဆာသော နေရာတစ်ခုထဲတွင် နေထိုင်ရင်း ခရီးသွားနိုင်မည့် အတွေ့အကြုံကို ‘သစ်တောဘတ်စ်ကား’ က ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထိုဘတ်စ်ကား၏ အတွင်းပိုင်းတစ်ခုလုံးကို ရေညှိမြက်ပင်များဖြင့် ဖုံးလွှမ်းထားသော ထိုင်ခုံများ၊ အပင်ပန်းမန်များဖြင့် ဆင်ယင်ထားကြောင်း သိရသည်။
သာမန်တစ်ထပ် မြို့တွင်းစီး ဘတ်စ်ကားတစ်စီးကို ရွေ့လျားနိုင်သော ဖန်လုံအိမ်တစ်ခုကဲ့သို့ သစ်ခွပန်းများ၊ ဂျင်ဂျာလီလီများ၊ အမျိုးစုံသော ဒရင်ကောက်ပင်များနှင့် အလှဆင်ထားခြင်းဖြစ်သည်။ ထိုဘတ်စ်ကားသည် မြို့တော် တိုင်ပေထဲတွင် အထူးလမ်းကြောင်းတစ်ကြောင်းအတိုင်း မောင်းနှင်ပြေးဆွဲနေပြီး ရပ်နားမည့် မှတ်တိုင်များထဲတွင် အနုပညာပြတိုက်တစ်ခု၊ ထင်ရှားသော ဘုရားကျောင်းတစ်ကျောင်းနှင့် ညဈေးတစ်ခုတို့ ပါဝင်သည်။
အဆိုပါဘတ်စ်ကားထဲရှိ ယာယီပန်းမန် အလှဆင်ယင်မှုကို ပြုလုပ်ပေးထားသော အမျိုးသားပန်းပညာရှင် အယ်ဖီလင်းက နေ့စဉ် ကျပ်ညပ်ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်နေရသည့် ခရီးသွားများအတွက် သဘာဝ၏ ထိတွေ့မှုကို ဆောင်ကြဉ်းပေးလိုကြောင်း ဆိုသည်။
“ပြည်သူတွေအနေနဲ့ လှပပြီး စိတ်ဝင်စားစရာ အတွေ့အကြုံကို ခံစားရမယ်လို့ မျှော်လင့်ပါတယ်။ ခရီးသည်တွေဟာ ဘတ်စ်ကားပေါ်မှာတင် နွေရာသီရဲ့ ရနံ့ကိုရရှိပြီး အမျိုးစုံလှတဲ့ အစိမ်းရောင်အပင်တွေကို တွေ့မြင်ရလို့ သဘာဝရဲ့ သတင်းစကားကို သဘောပေါက် နားလည်လာနိုင်မှာ ဖြစ်ပါတယ်” ဟု အယ်ဖီလင်းက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါဘတ်စ်ကားသည် ယာဉ်စီးခအခမဲ့ဖြင့် ခရီးသည် ၂၀ ၀န်းကျင်ကို ခေါ်ဆောင်ပြီး သီတင်းတစ်ပတ်ကြာ စမ်းသပ် ပြေးဆွဲနေသည်။ ထိုစမ်းသပ်ကာလသည် မေ ၂၈ ရက်တွင် ကုန်ဆုံးပြီ ဖြစ်သည်။
“ဘတ်စ်ကားပေါ်က ပန်းတွေ၊ အပင်တွေရဲ့ ရနံ့ကို ရှုရှိုက်ရတာကို ကျွန်မပျော်တယ်။ ဒါမျိုးကို နှစ်ထပ်ဘတ်စ်ကားမျိုးနဲ့ ပုံမှန်ပြေးဆွဲပေးရင် ကောင်းမယ်လို့ မျှော်လင့်မိတယ်။ ဒါဟာ တိုင်ပေရဲ့ ထူးခြားတဲ့အရာတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု အိမ်ရှင်မတစ်ဦးဖြစ်သည့် စီလင်းဝေက ပြောကြားခဲ့သည်။
ထိုဘတ်စ်ကားကို သုံးရက် စီးနင်းပြီးသွားပြီဖြစ်သည့် ပြတိုက်ဝန်ထမ်း လာရီဟောင်ကလည်း ဘတ်စ်ကား၏ အခိုင်အမာပရိသတ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။
#Credit Eleven
aung  yein chan

aung yein chan

Powered by Blogger.