မကွေးတိုင်း ရေနံလက် ယက်တွင်းမှ ရရှိသော ပျောက်ဆုံး နေသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၇ ဒသမ ၄ ဘီလီယံကျော်မှ မကွေးတိုင်းအစိုးရအား ပြန်လည် ပေးအပ်ရမည့် ကျပ်သန်း ၃,၀၀၀ ကျော် (သုံးဘီလီယံကျော်)ကို ဇူလိုင်နောက်ဆုံးမတိုင်မီ ပြန် လည်လွှဲပြောင်းပေးမည်ဟု ယခင် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက လက်ရှိ မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုထံသို့ စာပေးပို့ခဲ့ သည်။
‘‘မကွေးတိုင်းအစိုးရအဖွဲ့ရုံး ကနေ ဦးဘုန်းမော်ရွှေရဲ့စာ ဝန် ကြီးချုပ်ဆီကို ရောက်လာတာ တော့ သေချာတယ်။ ဝန်ကြီးချုပ် က တာဝန်နဲ့ ခရီးသွားနေတော့ မကွေးတိုင်းအစိုးရအဖွဲ့နဲ့ မီဒီယာ တွေကို မပြောခဲ့နိုင်သေးဘူးဖြစ် သွားတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ တရားဝင် Facebook စာမျက်နှာ မှာ ဦးဘုန်းမော်ရွှေပေးပို့တာ စာနဲ့ တကွတင်ထားတော့ ဒါကို အ တည်ပြုလို့ ရပါတယ်’’ဟု မကွေး တိုင်း၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီး ဦးနေမျိုးကျော်က ပြောသည်။
ဝန်ကြီးချုပ်မှ ၎င်း၏ တရား ဝင်အသုံးပြုနေသည့် Facebook Account ဖြစ်သည့် Aung Moe Nyo အကောင့်တွင် ဦးဘုန်းမော် ရွှေပေးပို့သောစာကို ဧပြီ ၂၈ ရက် ၌ ဖော်ပြခဲ့သည်။
စာတွင် သမ္မတရုံးညွှန်ကြား ချက်ဖြစ်သည့် အပိုဒ်(ခ)တွင် ဖော်ပြပါရှိသည့် ပစ္စည်းများနှင့် စပ်လျဉ်း၍ ၂၀၁၇ ဧပြီ ၃၀ ရက် နောက်ဆုံးထားပြီး ပြန်လည် လွှဲပြောင်းပေးအပ်မည်ဟု ပါရှိသည်။
သမ္မတညွှန်ကြားစာ အပိုဒ် (ဂ)တွင် ဖော်ပြထားသည့် ရွှေ သုခအသေးစားငွေရေးကြေးရေး လုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့သည့် ကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်အနက် ကျပ်သိန်း ၅,၀၀၀ ကို မေလပထမပတ်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပထမအရစ်ပေးသွင်းမည်ဖြစ်ပြီး ကျန်ရှိငွေများသည်လုပ်ငန်းလည်ပတ်နေ၍ ပြန်လည် ကောက်ခံပြီးနောက် ၂၀၁၇ ဇူလိုင်နောက်ဆုံးပတ်မတိုင်မီပေးသွင်းမည်ဟု ဖော်ပြသည်။
ထို့အပြင် ကျပ် ၁ ဒသမ ၇ ဘီလီယံကို ၂၀၁၇ ဇူလိုင်နောက် ဆုံးပတ်မတိုင်မီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ပေးသွင်းမည် ဖြစ်ပါသည်ဟု ဖော်ပြပါရှိသည်။
ဦးဘုန်းမော်ရွှေက ယင်း ကိစ္စများကို လုပ်ဆောင်ရန် ၎င်း ၏ ကိုယ်စားလှယ် ဦးထွန်းကြည်က ဆက်သွယ်ဆောင်ရွက်မည်ဖြစ် ကြောင်း ဝန်ကြီးချုပ်ထံ ဧပြီ ၂၇ ရက်စွဲဖြင့် ပေးပို့ခဲ့သည်။
‘‘ကျွန်တော် စိတ်ကူးယဉ် ကြည့်တယ်။ ဒီငွေတွေပြန်ရရင် ဘဏ်မှာအပ်ထားပြီး ဘဏ်တိုးနဲ့ တင် ဝန်ထမ်းတွေကို ကူညီစောင့် ရှောက်တာ၊ ကျန်းမာရေးစောင့် ရှောက်စရိတ်ပေးတာတွေ၊ မျက်စိခွဲတာတွေ၊ ကိုယ်ဝန်ဆောင် ဝန် ထမ်းတွေကို ထောက်ပံ့တာတွေ လို ကူညီမှုတွေ လုပ်ပေးရရင် ကောင်းမလားလို့ စိတ်ကူးယဉ်မိ တယ်။ ကျွန်တော့် စိတ်ကူးကို ပြောတာပါ’’ဟု ရန်ပုံငွေကိစ္စ သမ္မတညွှန်ကြားစာနှင့်ပတ်သက် ၍ ဧပြီ ၂၅ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့သည်။
ပျောက်ဆုံးနေသည့် ဖွံ့ဖြိုး ရေးရန်ပုံငွေသည် ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော်ဖြစ်သည်။ သမ္မတရုံး ညွှန်ကြားချက်အတိုင်း သက်ဆိုင်သူများက မကွေးတိုင်း အစိုးရထံ ပြန်လည်လွှဲအပ်ရမည့် ငွေသည် ကျပ်သုံးဘီလီယံကျော် သာရှိ၍ ကျပ်လေးဘီလီယံ ကျော် ပျောက်ဆုံးနေသည်။
အဆိုပါ ကျပ်လေးဘီလီယံ ကျော်ကို ဆက်လက်ဖော်ထုတ်နိုင် ရန် မကွေးတိုင်းအစိုးရအဖွဲ့က ဆွေးနွေးညှိနှိုင်းဆောင်ရွက်မည် ဟု ဝန်ကြီးချုပ်က ဆိုသည်။
မကွေးတိုင်းဒေသကြီးတွင် အစိုးရသစ်လက်ထက်၌ ရေနံ လက်ယက်တွင်းများမှ ရေနံသယ် ယူခွင့် (မျှောစာ) ကားတစ်စီးလျှင် ၃,၀၀၀ ကျပ်ကို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကောက်ခံခဲ့၍ လစဉ်ရရှိသည့် ဘဏ္ဍာငွေကို ပြည်ထောင်စုအစိုးရထံ တင်ပြနေ ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
အစိုးရသစ်လက်ထက်က ၂၀၁၆ ဇွန်လ ၂ ရက်မှ ၂၀၁၇ မတ်လ ၃၁ ရက်အထိ ကောက်ခံ ရရှိသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သည် ကျပ်သန်း ၁,၄၀၀ ကျော် ရှိကြောင်း မကွေးတိုင်း အစိုးရရုံး မှ ထုတ်ပြန်သည်။
#Credit 7Days