၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ပထမဆုံး ခြေစစ်ပွဲအောင် အသင်းအဖြစ် ဘရာဇီးက မှတ်တမ်း ရေးထိုးလိုက်နိုင်ပြီ ဖြစ်သည်။
ရုရှားတွင် နိုင်ငံလက်ရွေးစင် အသင်းပေါင်း ၃၂ သင်း ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလား၌ ယခုအခါ နှစ်သင်းစာ အဖြေပေါ်သွားပြီ ဖြစ်ပြီး အိမ်ရှင်ရုရှားနှင့် တောင်အမေရိကဇုန်မှ ခြေစစ်ပွဲအောင်ရန် သေချာသွားသည့် ဘရာဇီးတို့ ဖြစ်ကြသည်။
ဘရာဇီးသည် ဆော်ပေါ်လိုမြို့တွင် ပါရာဂွေးကို ၃-၀ ဖြင့် အနိုင်ရခဲ့သည့်နောက် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ရန် သေချာသလောက် ဖြစ်လာခဲ့သည်။ ထိုအခြေအနေတွင် ဥရုဂွေးက မထင်မှတ်ဘဲ ပီရူးကို ၂-၁ ဖြင့် အရေးနိမ့်သွားသည့်နောက် ဘရာဇီးနှင့် ရမှတ်ကွာဟမှု ပိုမိုပြတ်သားပြီး ဘရာဇီးက ခြေစစ်ပွဲများအားလုံး မပြီးခင် ကတည်းက ခြေစစ်ပွဲအောင်ရန် သေချာသွားခဲ့သည်။
ဘရာဇီးက ပါရာဂွေးကို အနိုင်ရခဲ့ရာ၌ ဖိလစ်ပီကော်တင်ဟို၊ နေမာနှင့် မာဆယ်လိုတို့က တစ်ဂိုးစီအသီးသီး သွင်းယူခဲ့ကြသည်။ အမှတ်ပေးဇယားရပ်တည်မှု၌ ဘရာဇီးသည် ဒုတိယနေရာမှ ကိုလံဘီယာကို ၉ မှတ် ဖြတ်ပြီး ဦးဆောင်လျက် ရှိသည်။
သတ်မှတ်ချက်များအရ တောင်အမေရိကဇုန် ခြေစစ်ပွဲတွင် ထိပ်ဆုံးလေးသင်းမှာ အလိုအလျောက် ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး ပဉ္စမနေရာမှ အသင်းမှာမူ အခြားဇုန်တစ်ခုမှ အသင်းတစ်သင်းနှင့် ခြေစစ်ပွဲ ကစားရမည် ဖြစ်သည်။
ဘရာဇီးသည် ၂၀၁၈ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲ အောင်ရန် သေချာသွားသည့်နောက် ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်းတွင် ပါဝင်ယှဉ်ပြိုင်ဖူးသည့် တစ်ခုတည်းသော အသင်းဆိုသော ဂုဏ်ပုဒ်ကိုလည်း ဆက်ထိန်းနိုင်ခဲ့သည်။ ဘရာဇီး အသင်းသည် ယခင်က ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားအကြိမ် ၂၀ လုံးတွင်လည်း ခြေစစ်ပွဲအောင်ခြင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း ၅ ကြိမ် ဗိုလ်စွဲထားသည်။ ယင်းသည်လည်း ကမ္ဘာ့ဖလားတွင် အမြင့်ဆုံး အောင်မြင်မှု စံချိန်အဖြစ် မှတ်တမ်းဝင်ထားသည်။
Ref: FIFA