လာမယ့် စနေနေ့ မန်ယူအသင်းနဲ့ တွေ့ဆုံရမယ့်ပွဲစဉ်မှာ အာစင်ဝင်းဂါးက မော်ရင်ဟိုကို စိတ်မဆိုးဘဲ လက်ဆွဲနှုတ်ဆက်ဖို့ ပြင်ဆင်ထားကြောင်း ပြောကြားလိုက်ပါတယ်။ ဒီတစ်ပတ် အာဆင်နယ်အသင်းက မန်ယူအသင်းအိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးဟာ ပရီးမီးယားလိဂ် သက်တမ်းတစ်လျှောက် မော်ရင်ဟိုကို အနိုင်မယူဖူးတဲ့ အစဉ်အလာဆိုးလည်း ရှိနေပြန်ပါတယ်။ မော်ရင်ဟိုရဲ့ နည်းပြသက်တမ်းတစ်လျှောက် အာစင်ဝင်းဂါးနဲ့ ဆက်ဆံရေးဟာ မပြေလည်ခဲ့ဘဲ ၂၀၁၄ ခုနှစ်တုန်းက ချယ်လ်ဆီးနဲ့ အာဆင်နယ် အသင်းပွဲစဉ်မှာ အဆိုပါနည်းပြနှစ်ဦးဟာ ကွင်းဘေးမှာ ကိုယ်ထိလက်ရောက် အချင်းများခဲ့ကြပါသေးတယ်။
စနေနေ့ကျရင် မော်ရင်ဟိုကို လက်ဆွဲနှုတ်ဆက်မှာလားဆိုတဲ့ မေးခွန်းကို အာစင်ဝင်းဂါးက " ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အရမ်းအရေးပါတဲ့ ဓလေ့ထုံးစံကို ကျွန်တော်အလေးထားပါတယ်။ ဒီပွဲကို နည်းပြနှစ်ယောက်ရဲ့ ပြိုင်ပွဲအဖြစ် မမြင်စေချင်ဘူး။ ဒါဟာ အသင်းနှစ်သင်းရဲ့ ပြိုင်ပွဲပါ။ သူလည်း သူ့အသင်းအတွက်၊ ကျွန်တော်လည်း ကျွန်တော့်အသင်းအတွက် တိုက်ပွဲဝင်ပါမယ်" လို့ အာစင်ဝင်းဂါးက ဆိုခဲ့ပါတယ်။
အာစင်ဝင်းဂါးနဲ့ မော်ရင်ဟိုဟာ မီဒီယာစာမျက်နှာတွေပေါ်ကတစ်ဆင့် အပြန်အလှန် စကားစစ်ထိုးခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ အာစင်ဝင်းဂါးဟာ မော်ရင်ဟိုကိုင်တွယ်ခဲ့တဲ့ အသင်းတွေကို ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာသာ တစ်ခါ အနိုင်ရဖူးပြီး ကျန်ပွဲစဉ်တွေမှာ အနိုင်မရခဲ့ဖူးပါဘူး။
#Credit Duwun