Update News
recent

ရန်ကုန်သင်္ကြန်အတွက် ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ပတ်လမ်းတို့တွင် မဏ္ဍပ် ဆောက်လုပ်ခွင့်မပြု



ရန်ကုန်သင်္ကြန်အတွက် ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 

အများပြည်သူ နေရာများဖြစ်သည့် ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ပေးမည်မဟုတ်ဘဲ ပြည်လမ်းရှိ ကိုယ်ပိုင်ခြံရှေ့များတွင်သာ မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ “Public Spaces တွေဖြစ်တဲ့ ကမ္ဘာအေးစေတီလမ်းနဲ့ ကန်တော်ကြီး ပတ်လမ်းတွေမှာ မဏ္ဍပ်မပေးတော့ဘူးလို့ သိရတယ်။ ပြည်လမ်းမှာပဲ ဆောက်ခွင့်ပေးမယ်။ မနက်ဖြန် အဲဒီကိစ္စကို တရားဝင်ထုတ်ပြန်မှာပါ။ ဘယ်နေရာမှ မဏ္ဍပ်ဆောက်ခွင့် မပေးသေးပါဘူး”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက မတ် ၃၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

 ယခင်နှစ် သင်္ကြန်ကာလတွင် ကန်တော်ကြီးပတ်လမ်းရှိ သင်္ကြန်မဏ္ဍပ်တစ်ခုကို တွေ့ရစဉ် ရန်ကုန်သင်္ကြန်အတွက် ကမ္ဘာအေးစေတီလမ်းတွင် မဏ္ဍပ်ကိုးခုနှင့် ကန်တော်ကြီးပတ်လမ်းတွင် ကိုးခုစီ ဆောက်လုပ်ခွင့်ပေးမည်ဟု ယခင်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် မဏ္ဍပ်ဆောက်လုပ်ခွင့်ပေးမည့် စာရင်းများအား အစိုးရသစ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ သို့သော် ယခုအဆိုပါနေရာများတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုဟု ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန်သင်္ကြန်၏ အစည်ကားဆုံး နေရာများတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် မပေးတော့သည့်အတွက် ရန်ကုန်သင်္ကြန် စည်ကားမှု မရှိနိုင်တော့ဟု ခန့်မှန်းနေကြသည်။ 

“ အရင်အစိုးရက အဲဒီနေရာတွေမှာ ဆောက်ခွင့်ပေးမယ်လို့ လျာထားတယ်ဆိုတဲ့အတွက်ကြောင့် လျှောက်ဖြစ်ခဲ့တယ်။ အခု ဆောက်ခွင့် မပေးတော့ဘူးဆိုတော့ အလုပ်ရှုပ်တဲ့အပြင် ကုန်ကျစရိတ်တွေလည်း အလကားဖြစ်သွားတာပေါ့”ဟု အဆိုပါလမ်းနှစ်ခုတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားခဲ့သူတစ်ဦးက ဆိုသည်။ ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်အချို့မှာ လက်မှတ်များပင် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 လက်ရှိ ရန်ကုန်သင်္ကြန်အတွက် မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုရန် လျှောက်ထားမှု ၃၀၀ ကျော်ရှိနေပြီး မဏ္ဍပ်အလတ်ခြောက်ခုနှင့် ပြည်လမ်းပေါ်ရှိ ကိုယ်ပိုင်ခြံရှေ့များတွင် သီးခြားလျှောက်ထားသည့် မဏ္ဍပ်ကိုးခုလည်း ပါဝင်ကြောင်း သိရသည်။

 Writer: ကျော်ထင်
Credit Eleven News
Nothing

Nothing

Powered by Blogger.