သာကေတမြို့နယ်(၁)အနော်မာရပ်ကွက်ရှိ အာရဗီစာသင်ကျောင်း နှစ်ကျောင်းကို ယမန်နေ့က တံခါးချိပ်ပိတ်လိုက်ပြီး နောက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ လုံခြုံရေးရယူပေးထားကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
အနော်မာ (၁၁) လမ်းနှင့် အ နော်မာ (၁၂) လမ်းရှိ အာရဗီစာသင်ကျောင်းတွင် ဝတ်ပြုခွင့်မရှိဘဲ ဘာသာရေးဆိုင်ရာဝတ်ပြုဆု တောင်းမှုများပြုလုပ်နေသဖြင့်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လိုကြောင်း ဧပြီ ၂၈ ရက် မွန်းလွဲ ၃ နာရီကျော်က အနော်မာရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မိတ္ထီ လာမြို့နယ် တောင်သာလေး ဆရာတော် ဥုးအဂ္ဂဓဇအပါအဝင် သံဃာလေးပါး၊ မျိုးချစ်ဓမ္မသွေး ကွန်ရက်မှ လူအင်အား ၁၅၀ ခန့်က သွားရောက်တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ၎င်းရဲအရာရှိက ပြောကြားသည်။
ထို့နောက် သာကေတမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ဆန်းဝင်း၊ (၁)အနော်မာရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်စိန်နှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များဆွေးနွေးခဲ့သည်။ ထို့နောက် သာကေတမြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်အပါအ၀င် သံဃာတော်များနှင့် မဘသမှ သံဃာတော်များ ထပ်မံရောက်ရှိလာကာ တာဝန်ရှိသူများနှင့် နှစ်နာရီကျော် ကြာ ဆွေးနွေးခဲ့ပြီးနောက် ည ၇နာရီအချိန်ခန့်တွင် စာသင်ကျောင်းနှစ်ခုကို နှစ်ဖက် ညှိနှိုင်းပြီးနောက်ချိပ်ပိတ်လိုက်ကြောင်း ၎င်းရဲအရာရှိက ပြောသည်။
‘‘နေ့လယ် ၃ နာရီကျော် လောက်မှာ ဆရာတော်တချို့နဲ့ မျိုးချစ်ဓမ္မသွေးကွန်ရက်က လူ ၁၅၀ လောက်ရောက်လာတယ်။ ဒီရပ်ကွက်တွေထဲမှာရှိတဲ့ အစ္စလာမ်စာသင်ကျောင်းတွေကို ဝင်စစ်ချင်တယ်ပြောတယ်။ အခု နှစ်ဖက်ခေါင်းဆောင်တွေ နားလည်မှုရသွားပြီး ည ၇ နာရီခွဲလောက်မှာပြန်သွားကြပါပြီ’’ဟု အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။(၁)အနော်မာရပ်ကွက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအင် အား ၁၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ထားပြီး ပြဿနာဖြစ်ပွားမှုမရှိကြောင်း ၎င်းရဲအရာရှိက ပြောသည်။
#Credit 7days