အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာကျွမ်းကျင်မှုတော့ မဖြစ်မနေ လိုအပ်ကြစမြဲပါ။ အလုပ်ကြီးကြီးလုပ်လေလေ နက်နက်ရှိုင်းရှိုင်း ကျွမ်းကျင်တတ်မြောက်ဖို့ လိုအပ်လေလေပါပဲ။ တကယ်လို့ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးနဲ့ အကြီးမားဆုံးဆိုတဲ့ နည်းပညာကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ အခုပြောမယ့် ပညာရပ်ဆိုင်ရာ တတ်ကျွမ်းမှု ၇ မျိုးကို မရှိမဖြစ် ကျွမ်းကျင်နေရမှာ ဖြစ်ပါတယ်။
အလုပ်ခေါ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Paysa ရဲ့စစ်တမ်းအရ အလုပ်လျှောက်လွှာပေါင်း ဆယ်သန်းကျော်ကို လေ့လာရာကနေ Google ၊ Apple နဲ့ Microsoft တို့ မှာ အလုပ်လုပ်တဲ့ လူတွေရဲ့ အလုပ်လျှောက်လွှာမှာ ယေဘုယျအားဖြင့် မပါမဖြစ်ပါတဲ့ ကျွမ်းကျင်မှုတွေကို ဖော်ပြထားပါတယ်။ ဒီကုမ္ပဏီ သုံးခုစလုံးဟာ အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်ဖို့ အကောင်းဆုံး သုံးနေရာစာရင်းမှာ ပါရှိတဲ့ ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ Microsoft မှာဆိုရင် ဝန်ထမ်းပေါင်း ၁၂၀၈၄၉ ဦး ရှိပြီး Apple ရဲ့ ဝန်ထမ်းအင်အားကောတ့ ၁၀၀၀၀၀ ကျော်ရှိပါတယ်။ Google က ပိုင်ဆိုင်ထားတဲ့ Alphabet ကုမ္ပဏီမှာဆိုရင် ဝန်ထမ်းပေါင်း ၆၁၀၀၀ ခန့် ရှိပါတယ်။
ဒီလိုကမ္ဘာကျော်ကုမ္ပဏီကြီးတွေမှာ အမြဲတစေ ကျွမ်းကျင် ပညာရှင်များ လိုအပ်နေတာဖြစ်ပါတယ်။ Paysa အလုပ်ခေါ်ဝက်ဘ်ဆိုက်ဟာ ဝန်ထမ်းအလိုရှိဆုံး နည်းပညာဆိုင်ရာအလုပ်ခေါ်ကဏ္ဍ လေးခုကို စာရင်းပြုစုထားပြီး ဒီနယ်ပယ်လေးမျိုးမှာ အလုပ်လုပ်လိုသူများအတွက် အခုပြောသွားမယ့်ကျွမ်းကျင်မှုတွေ ရှိထားဖို့ လိုပါတယ်။
(၁) ဒီဇိုင်နာများ
ကမ္ဘာပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်း အများဆုံး ဆိုတဲ့ အလုပ်ခေါ်စာများထဲမှာ ဒီဇိုင်နာများလည်းပါဝင်ပါတယ်။ ဒီဇိုင်နာဆိုတဲ့ခေါင်းစဉ်အောက်မှာမှ သူ့ ကဏ္ဍနဲ့ သူ ကျွမ်းကျင်ပညာရှင်များစွာရှိပါတယ်။ Google မှာဆိုရင် UX Engineer ၊ Visual Designer ၊ Motion Designer ၊ Interaction Designer ၊ Industrial Designer စသည်ဖြင့် အမျိုးစုံအောင်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်ရဲ့ ပျမ်းမျှလစာဟာ တစ်နှစ်ကို ဒေါ်လာ ၄၀၀၀၀ နဲ့ ၅၀၀၀၀ ကြား ရှိတာကြောင့် ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီလို ဒီဇိုင်နာတစ်ယောက်မှာ မဖြစ်မနေရှိသင့်တဲ့ တတ်ကျွမ်းမှု ၇ ခုရှိပါတယ်။ ဒါတွေကတော့
(၁) User interface design
(၂) Graphic design
(၃) Web design
(၄) Photoshop
(၅) Illustrator
(၆) Information architecture
(၇) Art direction ဆိုတဲ့ ပညာရပ် ၇ မျိုးပဲ ဖြစ်ပါတယ်။ ဒါတွေကိုသာ ကျွမ်းကျင်တတ်မြောက်သလို နောက်ခံလုပ်ငန်းအတွေ့ အကြုံကောင်းကောင်း ရှိထားမယ်ဆိုရင် Google မှာ တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ ၁၃၅၅၃၅၂ ဒေါ်လာကနေ ၁၄၈၅၄၂ ဒေါ်လာ ကြား ရမှာ ဖြစ်ပါတယ်။
(၂) အင်ဂျင်နီယာများ
အထူးသဖြင့် Google ၊ Apple တို့ မှာ အလုပ်ခေါ်တာဟာ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာများကို ခေါ်တာ ဖြစ်ပြီး အလုပ်သင် ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်တောင်မှပဲ တစ်နှစ်ကို ဒေါ်လာ ၆၁၁၅၂ ဒေါ်လာ ဝင်ငွေရှိတာ ဖြစ်ပါတယ်။ Google မှာဆိုရင် ဒီထက်တောင် ပိုပေးပါသေးတယ်။ အလုပ်သင် Google ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဟာ တစ်လကို ဒေါ်လာ ၇၀၀၀ ခန့် ရပြီး တစ်နှစ်ဆိုရင် ဒေါ်လာ ၈၉၄၉၃ ဒေါ်လာအထိ ဝင်ငွေရှိပါတယ် ။ ဒီပညာရပ်ကို ထူးထူးချွန်ချွန် ကျွမ်းကျင်ကြသူများကတော့ တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ ၁၀၀၀၀၀ ကနေစပြီး ရရှိမှာပါ။ တကယ်တော့ ဒီအလုပ်ဟာ Google / Apple မှ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာပါ အခွင့်အလမ်းမြင့်မားတဲ့ အလုပ်အကိုင်အမျိုးအစားများထဲမှာ ထိပ်ဆုံးက ပါနေတာ ဖြစ်ပါတယ်။ software engineers တစ်ယောက်အဖြစ် Google တို့ မှာ အလုပ်ဝင်ချင်သူများဟာ အနည်းဆုံး ဒီပညာရပ် ၇ မျိုးကို ကျွမ်းကျင်နေရမှာ ဖြစ်ပါတယ်။
(၁) c++/c/c#
(၂) Java
(၃) Software development
(၄) Python
(၅) Javascript
(၆) Agile methodologies
(၇)SQL
(၃) ထုတ်ကုန်မန်နေဂျာများ
ဘယ်လိုကုမ္ပဏီမျိုးမှာမဆို ထုတ်ကုန်နဲ့ ဝန်ဆောင်မှုအတွက် ကြီးကြပ်ရတဲ့ ပုဂ္ဂိုလ်တွေရှိကြပါတယ်။ Apple မှာဆိုရင် သူ့ ရဲ့ Genius bar ကနေ ဝန်ဆောင်မှုပေးနေရတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဈေးကွက်ချဲ့ ထွင်ခြင်း ၊ ဒီဇိုင်းပိုင်း နဲ့ဆော့ဖ်ဝဲလ် ဟာ့ဒ်ဝဲလ်အကြား ထုတ်ကုန်ဖြစ်စဉ်ကြီးတစ်ခုလုံးကို ဟန်ချက်ညီအောင် ထိန်းကျောင်းပေးရသူများဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နှစ်စဉ်နှစ်စဉ် ဝင်ငွေ ဒေါ်လာ ၁၁၈၅၅၆ ရလေ့ရှိပြီး အခွင့်အလမ်းများပြားသလောက် အလုပ်ရှုပ်တဲ့ရာထူးနေရာမျိုးထဲမှာ ပါဝင်ပါတယ်။ ထုတ်ကုန်မန်နေဂျာပိုင်းသွားချင်သူများဟာ
(၁)Project management
(၂)Leadership
(၃) Customer service
(၄) Strategy
(၅) Cloud computing
(၆) Product marketing
(၇) Enterprise software ဆိုတဲ့ ကျွမ်းကျင်မှု ၇ မျိုး မရှိမဖြစ် ရှိထားရပါမယ်။
(၄) Data Scientists
data science ဆိုတာကတော့ အချက်အလက်စနစ်ကို သိပ္ပံနည်းကျကျ သရုပ်ပြခွဲခြမ်း စိတ်ဖြာလေ့လာတဲ့ ပညာမျိုးဖြစ်ပါတယ်။ ဒေတာ အင်ဂျင်နီယာတစ်ဦးဟာ ဒေတာတစ်ခုရဲ့ အလားအလာကို တွက်ချက်လေ့လာပြီး အဖွဲ့ အစည်းအတွက် အရေးပါတဲ့ အချက်အလက်များထုတ်နှုတ်ပေးရသလို နောက်လာမယ့် သုတေသနနဲ့ ဖွံ့ ဖြိုးမှုကဏ္ဍများအတွက်လည်း ပုံစံချပေးရပါတယ်။ လုပ်ငန်းကြီးတွေမှာဆိုရင် အရေးပါတဲ့ ရာထူးတစ်မျိုးဖြစ်ပြီး စာရင်းဇယားနဲ့ ကိန်းဂဏန်းများကို သုံးသပ်ရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။ ၂၁ ရာစုလို သတင်းအချက်အလက်ခေတ်ကြီးအတွက် သတင်းအချက်အလက် စီစစ်မှု ၊ တွက်ချက် သုံးသပ်မှု ၊ အလားအလာနဲ့ အနာဂါတ်များအကြောင်း ကြိုတင်ဟောကိန်းထုတ်နိုင်မှုဟာ အရေးပါသထက်ပါလာသလို Data Scientist တစ်ယောက်ရဲ့ အလုပ်အကိုင်နေရာဟာလည်း အလွန့် ကို အရေးပါလာပါတယ်။ ဒေတာပိုင်းကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ Data Scientist တစ်ယောက်ဟာ Google ၊ Amazon နဲ့ Apple တို့ မှာ အလုပ်ရဖို့ အလားအလာကောင်းမှာ ဖြစ်ပါတယ်။ ပျမ်းမျှနှစ်စဉ် ဒေါ်လာ ၁၂၀၀၀၀ ကျော် ရတဲ့ဒီအလုပ်ကို လုပ်ချင်သူများအတွက် မဖြစ်မနေ တတ်မြောက်ရမယ့် ကျွမ်းကျင်မှုတွေကတော့
(၁)Data analysis
(၂) SQL
(၃) Project management
(၄) Machine learning
(၅) Data mining
(၆) Business analysis
(၇) Python တို့ ပဲဖြစ်ပါတယ်။
#Credit Duwun