Update News
recent

စင်ကာပူကမ်းလွန်တွင် ရေနံတင်သင်္ဘောနှင့် အမေရိကန် ဖျက်သင်္ဘောတိုက်မိပြီး အမေရိကန်သင်္ဘောသား ၁၀ ဦး ပျောက်ဆုံးနေ




စင်ကာပူအရှေ့ဘက်တွင် အမေရိကန် ဖျက်သင်္ဘောတစ်စင်းနှင့် ရေနံတင်သင်္ဘော တစ်စင်းတို့ တိုက်မိခဲ့ပြီးနောက် သြဂုတ် ၂၁ ရက်တွင် အမေရိကန်ရေတပ်သင်္ဘောသား ၁၀ ဦး ပျောက်ဆုံးနေပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယင်းသည် နှစ်လအတွင်း အမေရိကန် စစ်သင်္ဘောတစ်စင်း၏ ဒုတိယအကြိမ်မြောက် မတော်တဆမှု ဖြစ်ခဲ့သည်။
ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘော USS John S.McCain သည် မလက္ကာရေလက်ကြား အနီးတွင် ရေနံနှင့်ဓာတုပစ္စည်းများ တင်ဆောင်သော Alnic MC နှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ အစောပိုင်းသတင်းများအရ ယင်းဖျက်သင်္ဘော၏ ပဲ့ပိုင်းတွင် ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။ လတ်တလောတွင် အမေရိကန်သင်္ဘောသား ၁၀ ဦး ပျောက်ဆုံးနေပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း၊ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။
USS John S.McCain သင်္ဘောသည် အမှတ်-၇ အမေရိကန်ရေတပ်တပ်မ၏ အစိတ်အပိုင်းဖြစ်ပြီး ဂျပန်ရှိ ယိုကိုဆူကာရှိ အခြေစိုက်စခန်းတွင် တပ်စွဲထားသည်။
အမေရိကန်ဖျက်သင်္ဘောသည် စင်ကာပူရှိ ဆိပ်ကမ်းတစ်ခုသို့ ဦးတည်ခုတ်မောင်းလာစဉ် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၄ မိနစ် (ဂရင်းနစ်စံတော်ချိန် သြဂုတ် ၂၀ ရက် ၂၁၂၄ နာရီ) ၌ မလေးရှားရေပြင်တွင် လိုင်ဘေးရီးယား အလံလွှင့်ထူထားသော ရေနံတင်သင်္ဘောနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖျက်သင်္ဘောသည် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးများဖြစ်သော အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၏ အဘိုးနှင့် အဖေဖြစ်သူတို့၏ အမည်ကို အစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။
ယခုသင်္ဘောတိုက်မိမှုဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၂၁ ရက်တွင် စင်ကာပူ၊ မလေးရှားနှင့် အမေရိကန်တို့မှ လေယာဉ်များနှင့် သင်္ဘောများပါဝင်သော ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှုကို စတင်ခဲ့သည်။
ယင်းတိုက်မိမှုသည် မလေးရှားတောင်ပိုင်းရှိ ဂျိုဟော်ပြည်နယ်အလွန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မလေးရှားအေဂျင်စီများမှ သင်္ဘောစုစုပေါင်းရှစ်စင်း၊ လေယာဉ်တစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းတို့ကို ရှာဖွေ ကယ်ဆယ်ရေးအတွက် စေလွှတ်ထားကြောင်း မလေးရှား ရေကြောင်းအာဏာပိုင်အေဂျင်စီ ခေါင်းဆောင်ဇူကီဖီအဘူဘကာက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးများတွင် စင်ကာပူမှ ဆွဲသင်္ဘောများ၊ ရဟတ်ယာဉ်တစ်စင်းနှင့် ရဲတပ်ဖွဲ့ကင်းလှည့် ရေယာဉ်တစ်စင်းတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
အမေရိကန် ဖျက်သင်္ဘောနှင့် တိုက်မိခဲ့သည့် သင်္ဘောသည် ရေနံနှင့်ဓာတုပစ္စည်းများ ပို့ဆောင်သည့်သင်္ဘောဖြစ်ပြီး တန်ချိန် ၃၀၀၀ ကျော် ရှိကြောင်း ရေကြောင်းလုပ်ငန်းဝက်ဘ်ဆိုက် Marine Traffic က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သောဇွန်တွင် အမေရိကန်ဖျက်သင်္ဘော USS Fitzgerald က ဂျပန်ရှိ ရေလက်ကြားတစ်ခုတွင် ဖိလစ်ပိုင် အလံလွှင့်ထူထားသည့် ကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိခဲ့ပြီး ရေတပ်သင်္ဘောသားခုနစ်ဦး သေဆုံးခဲ့ရပြီးနောက် အမေရိကန်ရေတပ် သင်္ဘောတစ်စင်းက နောက်ထပ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
#Credit Elevens
aung  yein chan

aung yein chan

Powered by Blogger.