Update News
recent

H1N1 ဖြင့်သေဆုံးသူ ၇ ဦးရှိဟု ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm09) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၆) ကို ယနေ့ ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 နှင့်ပတ်သက်၍ (၁) အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ (၂) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (၃) ကာကွယ်ထိန်းချုပ်ခြင်းနှင့် (၄) ကုသမှုပေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
(၂၈-၇-၂၀၁၇)ရက်နေ့၊ (၁၄:၀၀) နာရီမှ (၂၉-၇-၂၀၁၇) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၁၇)ဦးအား ထပ်မံဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A(H1N1)pdm09 အတည်ပြု လူနာ (၆) ဦးတွေ့ရှိခဲ့ပါသည်။
(၂၅-၇-၂၀၁၇) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်တက်ရောက်ပြီး (၂၇-၇-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်ရှိ အထူးကုဆေးရုံ(ဝေဘာဂီ)သို့ လွှဲပြောင်း ကုသမှုပေးခဲ့သော လူနာ(၁)ဦးသည် (၂၈-၇-၂၀၁၇)ရက်နေ့တွင် သေဆုံးခဲ့ပါသည်။ နောက်ပိုင်းတွင် လတ်တလောပြင်းထန်အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါလူနာများကို ရောဂါပျံ့နှံ့မှု လျင်မြန်စွာထိန်းချုပ်နိုင်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ်ရှိ အထူးကုဆေးရုံ (ဝေဘာဂီ)သို့ ဦးစားပေးပို့ဆောင် ကုသသွားမည် ဖြစ်ပါသည်။ အထူးကုဆေးရုံ (ဝေဘာဂီ)၌ ကူးစက်ရောဂါ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြု ဆရာမနှင့် ဆရာမကြီးများ၊ အလိုအလျောက် အသက်ရှူစက်များ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ အထူးကြပ်မတ်ကုသဆောင်၌ လိုအပ်သောပစ္စည်းကိရိယာများ အစရှိသည်တို့ကို အလုံအလောက် ဖြည့်ဆည်းထားရှိပါသည်။
အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနကလည်း အဖြေများ တိကျမှန်ကန်စေရန် (External Quality Assurance) အတွက် ဟောင်ကောင်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု တုပ်ကွေးရောဂါဆိုင်ရာ အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ ဓာတ်ခွဲခန်းသို့လည်းကောင်း၊ ကာကွယ်ဆေး ထုတ်သည့်အခါ၌ ပံ့ပိုးမှုရှိနိုင်ရန် ပိုးအမျိုးအစား၏ ဇီဝဖွဲ့စည်းပုံ အသေးစိတ်ကို သိရှိနိုင်ရန်အတွက် ဂျပန်နိုင်ငံရှိ (National Institute of Infectious Diseases - WHO Collaborating Centre) သို့လည်းကောင်း ပိုးနမူနာများ ပေးပို့ ဆောင်ရွက် လျက်ရှိပါသည်။
(၂၁-၇-၂၀၁၇)ရက်နေ့မှ (၂၉-၇-၂၀၁၇)ရက်နေ့၊ (၁၄:၀၀)နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ရရှိသော ရောဂါဖြစ်ပွားမှုအချက်အလက်များအရ သံသယရာသီတုပ်ကွေး ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ (၁၃၈) ဦးရှိခဲ့ပြီး ၎င်းတို့အနက် Seasonal Influenza A(H1N1)pdm09Positive လူနာစုစုပေါင်း(၄၁)ဦး၊ သေဆုံးသူ(၇)ဦး ရှိသောကြောင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာများ၏ သေဆုံးမှုနှုန်းမှာ (၅.၀၇) ရာခိုင်နှုန်း ရှိနေပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၌လည်း ဝန်ကြီးချုပ်များ (ရန်ကုန်၊ ဧရာဝတီ၊ အစရှိသည်တို့) ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများပါဝင်ကာ ရာသီတုပ်ကွေး ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်ကို အားရဖွယ် တွေ့ရှိနေရပါသည်။ ထို့အပြင် ပညာရေးဝန်ထမ်းများကလည်း ကျောင်းများတွင် ကျောင်းသားများအားလည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များကလည်း ပြည်သူ လူထုအားလည်းကောင်း ရာသီတုပ်ကွေးရောဂါဆိုင်ရာ ကျန်းမာရေးပညာပေးခြင်းများ လုပ်ဆောင်လျက် ရှိကြပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များတွင် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အသီးသီး၌ လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှိုးဆော်ချက်လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိရာ အထူးသဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် လူနာစောင့်ဆိုင်းရန်နေရာများနှင့် လူဝင်လူထွက်များသော နေရာများ၊ ကားမှတ်တိုင်များ၊ ဈေး၊ အစိုးရရုံး၊ စာသင်ကျောင်း စသည့် လူအများစုဝေးရာနေရာများတွင် ဖြန့်ဝေလျက် ရှိပါသည်။ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနက ယနေ့ ပြုလုပ်ကျင်းပသည့် ပညာပေးပြပွဲသို့ တက်ရောက်လာသူများအား ပိုစတာအမျိုးအစား(၃)မျိုး ဖြန့်ဝေခဲ့ပါသည်။ ယခုအချိန်အထိရရှိသော စာရင်းဇယားများအရ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ စုစုပေါင်း(၃၅၀)ကြိမ်ခန့်၊ လူဦးရေ (၂၀၀,၀၀၀) ခန့်အား ရာသီတုပ်ကွေး ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဤပညာပေးခဲ့သော လူဦးရေများကလည်း ဆက်လက်ပြီး မိမိ၏ မိသားစုနှင့် မိတ်ဆွေများအား ဆင့်ပွား ပညာပေးကြလိမ့်မည် ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲကလည်း တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများ၌ ရာသီတုပ်ကွေးရောဂါ သံသယဖြင့် ၂၀၁၇ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ ယနေ့အထိ ဆေးရုံတက်ရောက်သူများ စာရင်းကို ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှု ရှုထောင့်မှ သုံးသပ်လျက်ရှိသဖြင့် ယခုဖြစ်ပေါ်လျက်ရှိသော ရာသီတုပ်ကွေး ရောဂါ၏ ဖြစ်ပွားမှု အတိမ်အနက်နှင့် ရှေ့အလားအလာကို ခန့်မှန်းနိုင်မည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်များကို တိကျစွာ ချမှတ်နိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို အရေးတယူလိုက်နာ ဆောင်ရွက်သွားပါက ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းသွားမည်ဖြစ်ပါသည်။ ရာသီတုပ်ကွေးဆန်သော လက္ခဏာများ၊ ပြင်းထန်ရာသီတုပ်ကွေး ရောဂါ လက္ခဏာများဖြစ်ပွားသည်ဟုထင်မှတ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ဆေးကုသမှုခံယူပါက အသက်အန္တရာယ် ဆုံးရှုံးရမှုများမှ ထိရောက်စွာကာကွယ်နိုင်မည် ဖြစ်ပါသည်။ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကာကွယ် တားဆီးရေးနည်းလမ်းများနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၊ Myanmar CDC facebook စာမျက်နှာနှင့် နေ့စဉ်ထုတ်သတင်းစာများအပြင် ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီဆက်လက် သတင်းထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
7Days
aung  yein chan

aung yein chan

Powered by Blogger.