ကလေးတွေဟာ ရိုးသားပါတယ်။ ဖြူစင်ကြပါတယ်။ ဒါပေမယ့် ကလေးတိုင်းတော့မဟုတ်ပါဘူး။ အချို့ကလေးတွေ၊ အသက်အနည်းငယ်ပိုကြီးတဲ့ ကလေးတွေဟာ အနိုင်ကျင့်တတ်ကြပါတယ်။ ကလေးတိုင်းက မိဘကို ပြန်ပြောတယ်ဆိုပေမယ့် အနိုင်ကျင့်ခံရတဲ့ အခါ ပြန်ပြောပြချင်မှ ပြန်ပြောပြပါလိမ့်မယ်။ ဒီတော့ မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေး အနိုင်ကျင့်ခံနေရလားဆိုတာကို ပါးပါးနပ်နပ်နဲ့ အကဲခတ်ကြည့်ရအောင်။
တကယ်တော့ အနိုင်ကျင့်တယ်ဆိုတာ အရမ်းထူးထူးဆန်းဆန်း ကိစ္စမဟုတ်ဘူးလို့ ထင်ကောင်းထင်ပါမယ်။ ဟုတ်ပါတယ် လူတိုင်းလိုလို ကျောင်းမှာ၊ တခြားနေရာတွေမှာ အနိုင်ကျင့်တာတွေ မြင်တွေ့ဘူးကျမှာပါ။ တကယ်တော့ အနိုင်ကျင့်တဲ့ ကိစ္စတွေကနေ ထူးထူးဆန်းဆန်းတွေ ဖြစ်နေတာပါ။ အမေရိကန်နိုင်ငံမှာ သက်ငယ်ပြစ်မှု ကျူးလွန်သူတွေထဲကမှ ထက်ဝက်ကျော်ဟာ အနိုင်ကျင့် ဗိုလ်ကျမှုတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုနောက်ပိုင်း ကျောင်းတွေမှာ အနိုင်ကျင့်မှုဆန့်ကျင်ရေး ကျွမ်းကျင် ပညာရှင်တွေကို ခန့်ထားပြီး ကျောင်းအတွင်း အနိုင်ကျင့်မှုတွေ မဖြစ်ပွားအောင် လေ့လာပြီး စောင့်ကြည့်တဲ့ သူတွေရှိပါတယ်။
ဂျင်မ် ဂျော်ဒန်ဟာ အနိုင်ကျင့်မှု ဆန့်ကျင်ရေး ပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ လုပ်သက်အတွေ့အကြုံ နှစ် ၂၀ နီးပါးရှိပါပြီ။ အစကတော့ သူ့ကိုလူတွေက ကလေးအချင်းချင်းဖြစ်တဲ့ ကိစ္စလေးကို ပုံကြီးချဲ့တယ်လို့ ထင်ကြပေမယ့် သူပြောတဲ့အချက်တွေကြောင့်ဘဲ ယခုဆို အနိုင်ကျင့်ခံရတာကို ကာကွယ်ဖို့ အစိုးရပိုင်းကအစ ဥပဒေထုတ်ပြန်မယ့်အထိ လုပ်ဆောင်နိုင်နေပါပြီ။
အနိုင်ကျင့်ခံရတာဟာ ဘ၀တစ်လျှောက်လုံး ခံစားရမယ့် ဒဏ်ရာဖြစ်တယ်
ဂျော်ဒန်ပြောတာကတော့ အနိုင်ကျင့်ခံရတဲ့ ကလေးတွေဟာ သူတို့ ငယ်ငယ်က အနိုင်ကျင့်ခံရမှုကို မှတ်မိနေတတ်ကြပြီး အနိုင်ကျင့်တဲ့သူတွေကို တေးမှတ်ထားကြပါတယ် လို့ဆိုပါတယ်။ ပြီးတော့ အောက်ပါအချက်လေးတွေကတော့ ဂျော်ဒန်ရဲ့ မိမိကလေး အနိုင်ကျင့် ခံတာကို အကဲခတ်နိုင်မယ့် နည်းလမ်းလေးတွေပါ။
(၁) ကျောင်းသွားဖို့ငြင်းဆန်မယ်
ကျောင်းမှာ ပြဿနာတစ်ခုခုဖြစ်နေပြီဆိုတာနဲ့ ကလေးဟာ ကျောင်းသွားဖို့ ငြင်းဆန်ပါလိမ့်မယ်။ တကယ်လို့ ကိုယ့်ကလေးဟာ ကျောင်းသွားပျင်းတတ်တဲ့ ကလေးမဟုတ်ဘူးဆိုရင်တော့ သူ့အတွက်ကျောင်းမှာပြဿနာတစ်ခုခုရှိနေပြီဆိုတာ သိနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အတင်းအကျပ် ကျောင်းပို့တာမျိုးဆို ကလေးက ကျောင်းပြေးတာ အထိဖြစ်နိုင်ပါတယ်။
(၂) အပြင်သွားဖို့ငြင်းဆန်မယ်
ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ ထွက်ဆော့မယ် အပြင်သွားမယ် စသဖြင့် အရင်က ပြုလုပ်နေကြကလေးဟာ ဘာကြောင့်မှန်းမသိ အိမ်ထဲပဲ ကုပ်နေတယ်။ ပြီးတော့ အိမ်ထဲမှာလဲ နေချင်လွန်းလို့ မဟုတ်ဘဲ တွေဝေငေးမှိုင်နေမယ်ဆိုရင် အနိုင်ကျင့်ခံနေရာတာဖြစ်နိုင်ပါတယ်။
(၃) အမူအရာတွေ အကျင့်တွေပြောင်းလဲလာမယ်
တစ်ခါတစ်လေ ကျရင် ကလေးတွေဟာ ငေးမှိုင်နေမယ်၊ ကုပ်နေမယ်၊ တစ်ခါတစ်လေ ဒေါသဖြစ်လွယ် ပေါက်ကွဲလွယ်မယ်၊ ပစ္စည်းတွေ ဖျက်ဆီးနေတယ်ဆိုရင်တော့ သူဟာအနိုင်ကျင့်ခံရတာဖြစ်ဖို့များပါတယ်။
(၄) မိသားစုနဲ့ မပူးတာ
တစ်ခါတစ်လေ အနိုင်ကျင့်ခံရတာ မဟုတ်ဘဲ ခြိမ်းခြောက်ခံရတာတွေရှိပါတယ်။ ဒီလိုဆိုရင် ကလေးငယ်ရဲ့ စိတ်အခြေအနေမကောင်းတာကြောင့် မိသားစုတွေနဲ့ ပူးပေါင်းပါဝင်တာတွေမှာ အားနည်းသွားပြိး ခပ်ခွာခွာဖြစ်နေတတ်ပါတယ်။
(၅) ကျောင်းမှာ အဆင့်တွေကျသွားတာ
ပညာရေးကို ပါ ထိခိုက်လာတာပါ။ ကျောင်းမှာ အဆင့်တွေသိသိသာသာကျသွားတာတွေဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အနိုင်ကျင့်ခံရတာကြောင့် ပညာရေးမှာ စိတ်ပါဝင်စားမှု ထိခိုက်သွားတာပါ။
ဒီနည်းလမ်းလေးတွေနဲ့ အကြမ်းဖျင်းတော့ ကိုယ့်ကလေးရဲ့ အနိုင်ကျင့်ခံရသလားဆိုတာကို ခန့်မှန်းနိုင်တဲ့ နည်းလမ်းပါ။ ကဲပြီးတော့ ဂျော်ဒန်ကပဲ အကြံပေးထားတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ ဒိနည်းလမ်းလေးတွေကတော့ ကိုယ့်ကလေး အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ ဆိုတာပါ။
ဆရာမနဲ့ သွားတိုင်ပင်ပါ
အဆင့်တွေကျသွားတယ် ဆိုရင်သေချာတာကတော့ ဆရာမနဲ့ တိုင်ပင်ပြီး ပြသနာကို ဖြေရှင်းပါ။ တကယ်လို့ အနိုင်ကျင့်ခံရတယ်ဆိုရင်တောင် အနိုင်ကျင့်တဲ့သူကို ဆရာမကနေတဆင့်၊ အနိုင်ကျင့်တဲ့ သူတွေရဲ့ မိဘကနေတဆင့် ဟန့်တားဖို့ကြိုးစားပါ။
မိမိကလေးကို ပွင့်လင်းစွာမေးပါ
ပွင့်လင်းစွာမေးပြီး အနိုင်ကျင့်ခံရတဲ့အကြောင်းကို သေချာရေးမှတ်ထားပါ။
ကျောင်းကိုမဆန့်ကျင်ပါနှင့် လူ့ပါတ်ဝန်းကျင်နှင့်ပူးပေါင်းပါ
ဒီကိစ္စက ကျောင်းကြောင့်ဖြစ်တာမဟုတ်ပါဘူး၊ လူ့ပါတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ပြဿနာပါ။ ဒါကြောင့် လူ့ပါတ်ဝန်းကျင်အတွင်း အနိုင်ကျင့်မှုကို ဆန့်ကျင်ရေး အဖွဲ့တွေအတွင်း လှုပ်ရှားမှုတွေဆောင်ရွက်ပြီး အနိုင်ကျင့်မှုပညာပေးတွေမှာပါဝင်ပါ။ အနိုင်ကျင့်တဲ့ ကလေးတွေထပ်မပေါ်ပေါက်လာရေးနဲ့ အနိုင်ကျင့်မှုကို ရှုပ်ချတဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ပါ။
မောင်စိုင်း (ကနောင်)