ဥပဒေစိုးမိုးမှု ရှိစေရမည်ဟု ကြွေးကြော်ခဲ့သည့် NLD အစိုးရအာဏာရလာပြီး တစ်နှစ်အတွင်း တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်သည့်ဖြစ်ရပ်အချို့ ပေါ်ပေါက်ခဲ့သည်။
အစိုးရသစ်အတွက် မှုခင်းကြီးအချို့ကမူ အကျဉ်းအကျပ်သို့ ရောက်စေခဲ့ပြီး အချို့ဖြစ်စဉ်များက တာဝန်ခံမှုမရှိသော ဌာနဆိုင်ရာအချို့၏ ပျက်ကွက်မှုကို ပေါ်လွင်စေခဲ့သည်။ အချို့ဖြစ်စဉ်များမှာတော့ ပြည်သူလူထုကြားတွင် မျက်နှာပန်းလှခဲ့သည်။
အစိုးရသစ်အတွက် ပထမဆုံးစိန်ခေါ်မှုက အစိုးရသစ်မတက်မီ ခုနစ်လအလို သမ္မတဦးသိန်းစိန်လက်ထက်တွင် ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရောနှောလွတ်မြောက်လာခဲ့သော ရာဇဝတ်သားများဖြစ်သည်။ အုတ်ရောရော ကျောက်ရောရောပါလာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အစိုးရသစ်မတက်မီနှင့် အာဏာရသည့် အစောပိုင်းကာလများအတွင်း လုယက်မှုများနှင့် ရမ်းကားမှုများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သည်။ လမ်းပေါ်တွင် ရမ်းကားမှုများ၊ လုယက်မှုများအပြင် ယာဉ်လိုင်းအချို့တွင် စပယ်ယာများ၏ ရမ်းကားမှုများ ဖြစ်ပွားပြီး ပြည်သူများကြား ဝေဖန်သံများရှိခဲ့၏။
အဆိုပါ ဖြစ်ရပ်များကို ဖြေရှင်းရန်နှင့် တရားဥပဒေစိုးမိုးမှုအတွက် အစိုးရသစ်၏ ပထမခြေလှမ်းသည် ရက်တစ်ရာစီမံချက်ဖြစ်သည်။ ရဲတပ်ဖွဲ့မှ တာဝန်ယူသည့် မှုခင်းပပျောက်ရေး ရက်တစ်ရာစီမံချက်အတွင်း တစ်နိုင်ငံလုံး တွင် ဖော်ထုတ်နှိမ်နင်းခဲ့သည့် အမှုပေါင်း ၁,၄၆၅ မှုရှိခဲ့၏။ သို့သော် ထိုရက်တစ်ရာတွင် အမှုကြီး ၇၉၁ မှုက အသစ်ထပ်၍ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် သက်ဆိုင်ရာတိုင်းရဲတပ်ဖွဲ့က ပြေးလေးပြေး (ရဲ ပြေး၊ ရဲဘက်ပြေး၊ စစ်ပြေး၊ တရားခံပြေး)တို့အတွက် စီမံချက်ဖြင့် ၁၀၇ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
သို့သော် ရက်တစ်ရာစီမံချက်က အစိုးရသစ်ကို စိန်ခေါ်နေသော မှုခင်းများ အရှိန်လျော့သွားအောင် မတတ်နိုင်ခဲ့ပေ။ ကိန်း ဂဏန်းများအရ အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင် မှုခင်းအရေအတွက် လျော့ကျသွားခဲ့သော်လည်း တိုင်းသိပြည်သိ အမှုကြီးများက ဆက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့သည်။ ရဲတပ်ဖွဲ့မှ စာရင်းများအရ ၂၀၁၅ တစ်နိုင်ငံလုံးတွင် လူသတ်မှုပေါင်း ၁,၃၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ၌ လူသတ်မှု ၁,၀၀၀ခန့်ရှိခဲ့သည်။ ထို့အပြင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ တွင် အကြီးစားလုယက်မှုနှင့် ပစ္စည်းခိုးမှုများ ၂၂၀ ခန့်ရှိခဲ့ပြီး ၂၀၁၆ တွင်မူ အဆိုပါအမှုများမှာ ၁၉၀ ကျော် ဖြစ်ပွားခဲ့သည်။ ပမာဏအားဖြင့် မှုခင်းနည်းပါးခဲ့သော်လည်း အစိုးရသစ်လက်ထက် မြန်မာပြည်သူလူထုကို တုန်လှုပ်စေခဲ့သည့် အမှုအခင်းများ ဖြစ်ပွားခဲ့သည်။ အစိုးရသစ်လက်ထက်တွင် လေးလောင်းပြိုင်လူသတ်မှု၊ သုံးလောင်းပြိုင်လူသတ်မှုနှင့် သေနတ်ဖြင့် အနုကြမ်းစီးမှု၊ ပြန်ပေးဆွဲမှုတို့ သည် ရန်ကုန်မြို့တွင် အများဆုံး ဖြစ်ပွားခဲ့သည်။
၂၀၁၆ ဩဂုတ်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုက တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့သည်။ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ရဲဝန်ထမ်းတစ်ဦးနှင့် မိသားစုဝင်သုံးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး တရားခံကို လည်း ယခုအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိပေ။ ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရွာတစ်ရွာတွင်လည်း သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဧပြီအတွင်းက အမျိုးသားတစ်ဦးက ကြည်မြင့်တိုင် ဦးလူနီလမ်းရှိ နေအိမ်တစ်ခုမှ ကလေးငယ်တစ်ဦးကို ဓားဖြင့်ထောက်ကာ ကားမောင်းပြေး၍ အနုကြမ်းစီးမှုဖြစ်ပွားခဲ့ သည်။ ဒီဇင်ဘာ ၃ ရက်က အမျိုးသားနှစ်ဦး စမ်းချောင်းမြို့နယ် ရှမ်း ကုန်းလမ်းရှိ ငွေလဲကောင်တာကို သေနတ်ဖြင့် ပစ်ဖောက်ဓားပြတိုက်ကာ ဒေါ်လာနှင့် ငွေများယူ ဆောင်သွားခဲ့သည်။ ထို့အပြင် အစိုးရသစ်လက်ထက် တစ်နှစ် ပြည့်ရန် ရက်ပိုင်းအလိုတွင် မတ်လ၂၁ ရက်က လမ်း ၅၀ အောက်ဘလောက်တွင် ဖွင့်လှစ်ထားသော New Wave Service ကုမ္ပဏီမန် နေဂျင်းဒါရိုက်တာ (အငြိမ်းစား ဗိုလ်ကြီး)ကို မျက်နှာဖုံးစွပ်လူနှစ်ဦးက ဓားဖြင့်ထိုးပြီး လက်နှင့် ခြေထောက်ကို တိပ်များဖြင့် တုပ်နှောင်ထားခဲ့ကာ ငွေများယူဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့၏။ အစိုးရသစ်လက်ထက်တွင် အနုကြမ်းစီးမှုများသည် ခေတ်စားသော ရာဇဝတ်မှုများဖြစ်ခဲ့၏။
အထက်ပါမှုခင်းကြီးများထဲတွင် ရှမ်းပြည်နယ်မှ သုံးလောင်းပြိုင် လူသတ်မှု၌သာ တရားခံမိပြီး ကျန်အမှုအခင်းကြီးများမှာ ယနေ့ အထိ တရားခံမမိသေးပေ။
ထို့အပြင် အစိုးရနှင့် ရဲတပ်ဖွဲ့အနေဖြင့် အရှက်ရဖွယ်အကောင်းဆုံးကိစ္စသည် လုံခြုံရေးမြှင့်ထားသော အစိုးရအဖွဲ့ရုံးစိုက်ရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် M-150 ဗုံးလန့်မှုဖြစ်ပွားခဲ့သည်။ ထိုမတိုင်ခင်က M-150 အချိုရည်ပုလင်းကို အသုံးပြုထားသည့် ဗုံးသည် ရန်ကုန်မြို့နေရာအချို့တွင် ပေါက်ကွဲခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုများသည် ပုဂ္ဂိုလ်အချို့က မှတ်ပုံတင်မရသည်ကို မကျေနပ်၍ ခြောက်လှန့် ဖောက်ခွဲခြင်းဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်သော်လည်း ပြည်သူအချို့က မယုံကြည်ပေ။
ထို့အပြင် တစ်နိုင်ငံလုံးတွင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရသည့် ဒီချုပ်ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်လေဆိပ်လူမြင်ကွင်းတွင် သေနတ်ဖြင့် ပစ်သတ်သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ မှုခင်းအရေအတွက် ကျဆင်းခဲ့သော်လည်း တိုင်းသိပြည်သိ မှုခင်းကြီးများကြောင့် အစိုးရသစ်ဖော်ဆောင်သည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်ကို ပြည်သူများက အောင်မှတ်မပေးခဲ့ပေ။
ထို့အပြင် ပြည်သူများက အစိုးရသစ်၏ ကိုင်တွယ်မှုများကို စိတ်ပျက်အားလျော့ခဲ့ရသည့် အဓိကအချက်များသည် မှုခင်းဖြစ်စဉ်များတွင် တရားခံဖမ်းမမိခြင်းနှင့် ပွင့်လင်းမြင်သာသော ထုတ်ပြန်ချက်များ မရှိခြင်းကြောင့်ဖြစ်သည်။ မှတ်တမ်းများအရ အရေးယူမဖော်ထုတ်နိုင်သေးသည့် မှုခင်းများက ယခင်နှစ်ထက် ပို၍များပြားနေသည်။ နှိုင်းယှဉ်ပြရမည်ဆိုလျှင်၂၀၁၅ တွင် တရားခံမမိသေးသည့် အမှုကြီး ၁၁ မှုနှင့် လူသတ်မှုတစ်မှုသာရှိသည်။ ၂၀၁၆ ၌ အမှုကြီး ၂၀ ကျော်နှင့် လူသတ်မှုကိုးမှုသည် တရားခံဖမ်းဆီးမရသေးပေ။ တိုင်းသိပြည်သိမှုခင်းကြီးများဖြစ်သည့် အနုကြမ်းစီးမှုများနှင့် လေးလောင်းပြိုင် လူသတ်မှုတို့သည်လည်း လက်ရှိအချိန်အထိ တရားခံ ဖမ်းဆီးရမိမှုမရှိသေးပေ။
သို့သော် အစိုးရနှင့် ရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးမှုအတွက် အားထုတ်မှုများ ရှိခဲ့သည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။ 199 Call Center ကို ပြန်လည်အသက်သွင်းခဲ့ပြီး ရန်ကုန်တိုင်းအတွင်း ညဘက်ကင်းလှည့် တာဝန် ယူသည့် ရဲမီးတန်းကားများနှင့် ချိတ်ဆက်ပေးခဲ့သည်။ ဤနည်းဖြင့် မှုခင်းတစ်စုံတစ်ရာဖြစ်ပွားပါ က ၂၄ နာရီ 199 Hot Line သို့ခေါ်ဆိုကာ အဆိုပါရဲယာဉ်တန်းကို ခေါ်ယူနိုင်သည်။
ထို့ပြင် ရန်ကုန်တိုင်းရှိ မြို့နယ်အားလုံးကို တစ်မြို့နယ် ငွေကျပ်သိန်းတစ်ရာပေးအပ်၍ မှုခင်းကျဆင်းရေး ရပ်ရွာအခြေပြုအဖွဲ့များဖွဲ့ရန် ညွှန်ကြားခဲ့သည်။ မှုခင်းကျဆင်းစေရေး ညဥ့်သန်းခေါင်အချိန်မြို့နယ်အတွင်းတွင် လုံခြုံရေးကင်းစောင့်၍ ၂၄ နာရီ လုံခြုံရေးယူခဲ့သည်။ သို့သော် ပြည်သူများပါဝင် ပူးပေါင်းမှုအားနည်းခဲ့၍ စီမံချက်စတင်ပြီး မကြာမီလှုပ်ရှားမှုများ အားနည်းခဲ့သည်။
တရားဥပေဒစိုးမိုးရေး မျက်နှာပန်းလှသည့်အခြေအနေတစ်ခုက သက်ငယ်မုဒိမ်းများကို ပြစ်ဒဏ်တင်းတင်းကျပ်ကျပ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခင်အစိုးရလက်ထက်က သက်ငယ်မုဒိမ်းများနှင့်ပတ်သက်၍ မြို့နယ်တရားရုံးတွင်သာ စီရင်ချက်ချသည့်အပေါ် ဝေဖန်မှုများရှိခဲ့ပြီး အစိုးရသစ်လက်ထက် ၂၀၁၆ အကုန်ပိုင်းတွင်တော့ သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို အမြင့်ဆုံးပြစ်ဒဏ် ဖြစ်သည့် ထောင်ဒဏ်အနည်းဆုံး အနှစ် ၂၀ ချမှတ်လာသည်။
ပြည်မြို့တွင် အသက်(၁၂) နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဆရာတော်တစ်ပါးကို လူဝတ်လဲ၍ ထောင်အနှစ် ၂၀ ချခြင်း၊ ဝါးခယ်မမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် သမီးအရင်းအား အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့်ဖခင်ကို ထောင်အနှစ် ၂၀ ချမှတ်ခြင်းနှင့် ပေါက် တောတွင် အသက်(၇)နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်သည့် အသက်(၂၀)ကျော်အရွယ် တရားခံကို ထောင်အနှစ် ၂၀ ချမှတ်ခြင်း စသည်တို့ဖြစ်သည်။ ထို့အပြင် မြောက်ဥက္ကလာပမြို့နယ်တွင် သမီးအရင်းအား မုဒိမ်းကျင့်သည့် ဖခင်ကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။
သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ တရားစီရင်ရေးကို ကြပ်မတ်ခဲ့သော်လည်း ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် သက်ငယ်မုဒိမ်းများ ကြောက်မက်ဖွယ် ပမာဏအထိဖြစ်ပွားခဲ့၏။ အစိုးရသစ်လက်ထက်သည် မုဒိမ်းမှုများ စံချိန်ချိုးခဲ့သော နှစ်ဖြစ်သည့်နည်းတူ သက်ငယ်မုဒိမ်းများမှာ အရေအတွက်များပြားစွာ ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့စာရင်းများအရ အစိုးရသစ်စတက်သည့်ကာလမှ ပြီးခဲ့သည့် ၂၀၁၇ ဖေဖော်ဝါရီ အထိ တစ်နိုင်ငံလုံးတွင် သက်ငယ်မုဒိမ်းမှု ၅၈၀ ကျော်ရှိခဲ့သည်။
တစ်နှစ်သားအစိုးရသည် တရားဥပဒေစိုးမိုးမှုအတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်မှု အားနည်းခဲ့သည်ကို တစ်နှစ်အတွင်း သိသာစွာမြင်နိုင်သည်ဖြစ်သည်။ ထို့အပြင် တရားခံများကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ကို ဖိအားပေးနိုင်ရေးနှင့် အစိုးရသစ်ထံတွင် မြင်တွေ့ရန်ပြည်သူများက မျှော်လင့်နေကြသည်။ တရားဥပဒေစိုးမိုးရေးကြွေးကြော်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရလက်ထက်တွင် ပြည်သူများက တရားဥပဒေစိုးမိုးရေးအတွက် ယခင်ထက်ပို၍ မျှော်လင့်ခဲ့ကြသည်။ သို့သော် အစိုးရသစ်၏တရားဥပဒေစိုးမိုးရေးကြွေးကြော်သံသည် ထိရောက်သောလက်နက်အဖြစ် ရောက်ရှိလာခြင်း မရှိသေးကြောင်း တစ်နှစ်အတွင်း ဖြစ်စဉ် များက သက်သေခံနေပါသည်။
#Credit 7Days